CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄
ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း ဇာဗီဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ ပြင်းထန်နေတဲ့ သူ့ရဲ့ဆန္ဒကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အဲ့ဒါကြောင့် သူကိုင်တွယ်နေတဲ့ အယ်လ်ဆတ် အသင်းအနေနဲ့ သူ့ကို ထွက်ခွာခွင့်ပေးဖို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာ အသင်း အမှုဆောင်တွေဟာ လက်ရှိအချိန်မှာ ဒိုဟာကို ရောက်ရှိနေပြီး ဇာဗီကို အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ဖို့ အယ်လ်ဆတ်အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရော်နယ်လ်ကိုးမန်းကို နည်းပြ ရာထူးကနေ ထုတ်ခဲ့ပြီးနောက် အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ကာတာကလပ်ကတော့ ဇာဗီကို အသင်းမှာပဲ ဆက် ထိန်းထားချင်တယ်လို့ ကြေညာချက်ထုတ်ပြန်ချိန်မှာ အသက် ၄၁ နှစ်အရွယ်ရှိ ဇာဗီကတော့ အိမ်ကိုပြန်ချင်တဲ့ သူ့ရဲ့ဆန္ဒကို အခုလို ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ပုံ-ဘာစီလိုနာနည်းပြတွင် ကစားသမားဟောင်း နည်းပြကိုတွေ့ရစဉ်။
ဇာဗီက အယ်လ်ဒူဟေး အသင်းနဲ့ တဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ “ကျနော် ဘာကာနဲ့ စကားပြောဆိုနေတာ ရက် အတော်ကြာပါပြီ၊ အခုဆိုရင် ပြောလို့ ပြီးသွားပါပြီ။ အခု အခြေအနေက ကလပ်အသင်းတွေကြား စကားပြောဆို နေမှုတွေ အပေါ်မှာ မူတည်နေပါတယ်။ သူတို့ သဘောတူညီမှု ရရှိဖို့ လိုပါတယ်။
ဘာကာက စကားပြောဆိုဖို့ လာနေခဲ့ပါပြီ။ ကျနော်တို့ အားလုံး စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေပါတယ်။ ကျနော် တကယ်ကို အိမ်ပြန်ချင်နေပါတယ်”လို့ ဆိုပါတယ်။
၎င်းက“ဒီလိုဖြစ်ဖို့ကိုလည်း ကျနော် မျှော်လင့်နေပါတယ်။ ကျနော့်မှာ စာချုပ်ရှိနေတဲ့အတွက် အခုကလပ်တွေက ဒါကို ညှိနှိုင်း ရမှာပါ။ ကျနော့်ရဲ့ အနေအထားကို သူတို့ သိပြီးသားပါ”လို့ ပြောခဲ့ပါတယ်။
အယ်လ်ဆတ် အသင်းခေါင်းဆောင်ကတော့ ဇာဗီ အသင်းက ထွက်ခွာမှာကို လူတိုင်း ဝမ်းနည်းနေကြပေမယ့် သူဟာ ဘာစီလိုနာလို အသင်းကြီးကို ကိုင်တွယ်တော့မှာလို့ ဆိုခဲ့ပါတယ်။
ဟာဆန်က “ကစားသမားအနေနဲ့ရော နည်းပြအနေနဲ့ပါ ကျနော်တို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ ဝေဖန်မှုတွေ ကြားကပဲ သူ့ရဲ့ အကြံဉာဏ်တွေက ကျနော်တို့ကို အောင်မြင်မှုတွေ ရစေပါတယ်။ ကျနော်တို့ သူ့ကို အရမ်းလွမ်းနေမှာပါ”လို့ ဆိုပါတယ်။
ဇာဗီဟာ အယ်လ်ဆတ် အသင်းကို ဆုဖလား(၇)လုံးရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။