၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၄

ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မိုက်ကယ်အိုဝင်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ် ရနိုင်ဖို့ ရေပန်းအစားဆုံးပဲလို့ ပြောလိုက်ပါတယ်။

လီဗာပူးလ် အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့လည်း ရယူနိုင်တယ်လို့ ထပ်မံပြောခဲ့ ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသလက်တီကို အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စု‌တွင်း ၄ ပွဲကစား ရာနှုန်းပြည့်နိုင်ပွဲ ရမှတ် ၁၂ မှတ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပြီလည်း ဖြစ်ပါတယ်။ လီ‌ဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၂၀၁၉ ခုနှစ်က နောက်ဆုံး အကြိမ် ရယူထားတာ ဖြစ်ပါတယ်။

လီဗာပူးလ် ကစားသမားဟောင်းဖြစ်တဲ့ မိုက်ကယ်အိုဝင်ကတော့ အသင်း‌ဟောင်းအနေနဲ့ ဒီရာသီမှာလည်း ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့ မျှော်လင့်နေတာပါ။ အိုဝင်က လီဗာပူးလ်အသင်းက ဒီဖလားကို ရယူနိုင်ဖို့ ရေပန်းစားပေမယ့် မန်စီးတီးနဲ့ ချယ်လ်ဆီး တို့က ဒီဖလားအတွက် အကြီးမားဆုံး အန္တရယ်ပေးနိုင်မယ့် သူတွေလို့ ဆိုခဲ့တာပါ။

ပုံ-လီဗာပူးလ်အသင်းနဲ့ အသလက်တီကိုအသင်းတို့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်စဉ်။

ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်က “အင်္ဂလိပ်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ်ဟာ လက်ရှိအချိန်မှာ အခြားအသင်းတွေနဲ့ အလှမ်းဝေးကွာ နေပြီး ပိုမိုအားကောင်း လာတယ်လို့ ထင်ပါတယ်။ နှစ်အနည်းငယ် ကြာလာအောင် ကျနော်တို့ အရှေ့ကို ရောက်ရှိနေတာ ဖြစ် ပြီး လူကာကူနဲ့ ရော်နယ်ဒိုတို့လို အီတလီလိဂ်ရဲ့ အကောင်းဆုံး ကစားသမား(၂)ဦးကို ခေါ်ယူနိုင်ခဲ့ပါတယ်။ မက်ဆီဆိုရင် အားနည်းတဲ့လိဂ်ကို ရောက်ရှိသွားပါတယ်။ အဲ့ဒါကြောင့်လည်း စပိန်က အားနည်းသွားခဲ့ပါတယ်”လို့ သူရဲ့ အမြင်ကို ပြောပြ ပါတယ်။

“လီဗာပူးလ်အတွက် အကြီးမားဆုံး အန္တရယ်က ချယ်လ်ဆီးနဲ့ မန်စီးတီး ဖြစ်မယ်လို့ ထင်ပါတယ်။လီဗာပူးလ်ဟာ အန်ဖီးလ်မှာ ရှုံးပွဲ မရှိသလောက်ပါပဲ။ အဲဒါ‌‌ကြောင့်လည်း လီဗာပူးလ်က ရေပန်းအစားဆုံးဖြစ်တယ်လို့ ပြောလို့ရတယ်လို့” BT Sport မှာ မိုက်ကယ်အိုဝင်က ပြောခဲ့တာ ဖြစ်ပါတယ်။