CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်ဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ၂၀၂၃ ခုနှစ်အတွက် အာဖရိကတစ်နှစ်တာအကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကို ရရှိသွားခဲ့ပါတယ်။

အိုဆင်ဟမ်ဟာ ဒီဆုကို မော်ရိုကိုနောက်ခံလူ ဟာကီမီနဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်တို့ကို အသာရပြီး ရရှိခဲ့တာပါ။ အိုဆင်ဟမ်ဟာ အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ၁၉၉၉ ခုနှစ်က ကနူးရရှိပြီးနောက် ဒီဆုကို ပထမဆုံးရယူနိုင်တဲ့ နိုင်ဂျီးရီးယားကစားသမားလည်းဖြစ်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ အိုဆင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းကို နှစ်ပေါင်း ၃၃ နှစ်ကြာဝေးကွာနေတဲ့ စီးရီအေ ဖလား ရယူပေးနိုင်ခဲ့တာကြောင့် မကြာသေးခင်က အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။

အိုဆင်ဟမ်ဟာ ပြီးခဲ့တဲ့အာဖရိကဖလားခြေစစ်ပွဲ ၄ ပွဲမှာ ၅ ဂိုးသွင်းပြီး နိုင်ဂျီးရီးယားအသင်းကို ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နာပိုလီတိုက်စစ်မှူးဟာာ ပြီးခဲ့တဲ့ဘောလွန်းဒီအော ဆုပေးပွဲမှာ နံပတ် ၈ နေရာရပ်တည်နိုင်ခဲ့တာပါ။ အာဖရိကတစ်နှစ်တာအကောင်းဆုံး အမျိုးသမီး ဘောလုံးသမား ဆုကိုတော့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုရှိုအာလာက ရရှိခဲ့တာဖြစ်ပါတယ်။ အိုရှိုအာလာအတွက်တော့ ဒီဆုကို စံချိန်တင် ၆ ကြိမ်မြောက်ရယူနိုင်ခဲ့တာပါ။

အခြားဆုတွေဖြစ်တဲ့ တစ်နှစ်တာအကောင်းဆုံးအမျိုးသားနည်းပြဆုကို မော်ရိုကိုအသင်းနည်းပြ ရီဂရာဂွီနဲ့ အမျိုးသားဂိုးသမားဆုကို မော်ရိုကိုဂိုးသမား ဘိုနို၊ တစ်နှစ်တာအကောင်းဆုံး အမျိုးသားလက်ရွေးအသင်းဆု ကိုတော့ မော်ရိုကိုအသင်းက ရရှိခဲ့ပါတယ်။ မော်ရိုကိုအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့တာကြောင့် အာဖရိကဆုပေးပွဲမှာ ဆုအများအပြားကို ရရှိခဲ့တာပါ။ 

အမျိုးသမီးဆုတွေဖြစ်တဲ့ နည်းပြဆုကို တောင်အာဖရိကအသင်းနည်းပြ အဲလစ်၊ ဂိုးသမားဆုကို နိုင်ဂျီးရီးယား ဂိုးသမား ချီရာမာကာနဲ့ လက်ရွေးစင်အသင်းဆုကို နိုင်ဂျီးရီးယားအသင်းက ရရှိခဲ့တာဖြစ်ပါတယ်။

Source:BBC