CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၉

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ရီယက်ဒ်အသင်းကို အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း ၁၂၀၀ ပြည့်အဖြစ် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင် ခဲ့ပါတယ်။

အယ်လ်နာဆာအသင်းက အယ်လ်ရီယက်ဒ်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ရော်နယ်ဒိုဟာ အသင်း အတွက် ၁ ဂိုး သွင်းယူပေးခဲ့ပြီး အော်တာဗီယို သွင်းယူခဲ့တဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၁၅ ပွဲ ပါဝင်ကစားထားပြီး ၁၆ ဂိုးသွင်းယူကာ လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ 

အမျိုးသားဘောလုံးသမိုင်းမှာ ပရော်ဖက်ရှင်နယ်ပွဲ အများဆုံး ကစားထားတဲ့ ကစားသမားအဖြစ် အင်္ဂလန်ဂိုးသမား ပီတာရှဲလ်တန်က ၁၃၈၇ ပွဲနဲ့ စံချိန်တင်ထားတာပါ။ 

အဲ့ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ဒီစံချိန်ကိုချိုးဖျက်ဖို့ နောက်ထပ်ပွဲပေါင်း ၁၈၇ ပွဲ ပါဝင်ကစားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 
ရော်နယ်ဒိုက “ပွဲပေါင်း ၁၂၀၀ ပြည့်အောင် ကူညီပေးခဲ့ကြတဲ့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါက အလွန်ကောင်းမွန်ပေမယ့် မပြီးဆုံးသေးပါဘူး”လို့ အင်စတာဂရမ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားချိန် ပွဲပေါင်း ၁၀၀၀ ပြည့်ခဲ့တုန်းကလည်း ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ နိုင်ငံတကာပွဲ အများဆုံးကစားသမား၊ နိုင်ငံတကာသွင်းဂိုး အများဆုံးဆို တဲ့ ဂုဏ်ပုဒ်တွေကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ကစားသမားဘဝ ပွဲပေါင်း ၁၂၀၀ အဖြစ် စပို့တင်းလစ္စဘွန်းမှာ ၃၁ ပွဲ၊ ယူနိုက်တက်မှာ ၃၄၆ ပွဲ၊ ရီးရယ်လ်မှာ ၄၃၈ ပွဲ၊ ဂျူဗင်တပ်စ်မှာ ၁၃၄ ပွဲ၊ အယ်လ်နာဆာမှာ ၄၆ ပွဲနဲ့ ပေါ်တူဂီအသင်းမှာ ၂၀၅ ပွဲကစား ထားတာပါ။

အယ်လ်နာဆာ အသင်းဟာ အယ်လ်ရီယက်ဒ်အသင်းကို အနိုင်ရခဲ့ပေမယ့် ထိပ်ဆုံးနေရာက အယ်လ်ဟီလယ် အသင်းနဲ့ ၇ မှတ်အကွာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: BBC