CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉

ဂါနာချိုရဲ့ အစ်ကိုဖြစ်သူ ရောဘတ်တိုက သူ့ရဲ့ညီကို အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အင်စတာဂရမ်မှာ unfollowed လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

ရောဘတ်တိုက “ဒါက သတင်းအတုပါ။ မက်ဆီက ဂါနာချိုကို ဘယ်တုန်းကမှ followed မလုပ်ခဲ့ပါဘူး။ အမုန်းပွားစေမယ့် အရာတွေဖန်တီးနေတာကို ရပ်တန့်လိုက်ပါ။ ဂါနာချိုဟာ မက်ဆီနဲ့ ရော်နယ်ဒို နှစ်ဦးစလုံးကို သဘောကျတဲ့သူပါ။ ခင်ဗျားတို့တွေက ပြိုင်ဆိုင်မှုတွေဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေကြတာပါ။ အခု ကျနော် ပြောနေတာက ဖာဒီနန်ကို ပစ်မှတ်ထားပြီးပြောနေတာမဟုတ်ပါဘူး။ ဒါတွေက မှားယွင်းနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိစေချင်ရုံပါပဲ” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်ဂန္ထဝင် ဖာဒီနန်က ဂါနာချိုဟာ ရော်နယ်ဒိုရဲ့ အမာခံပရိသတ်ဖြစ်တာကြောင့် မက်ဆီက သူ့ကို unfollowed ပြုလုပ်ခဲ့တယ်လို့ မကြာသေးခင်က ပြောခဲ့တာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်ရှိ ဂါနာချိုဟာ သူ့ရဲ့ငယ်ရွယ်တဲ့ ကစားသမားဘဝမှာတင် ရော်နယ်ဒို၊ မက်ဆီတို့နဲ့ တွဲဖက်ကစားခဲ့ပြီး ကံကောင်းတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးလည်းဖြစ်တာပါ။ ဒါပေမယ့် ဂါနာချိုဟာ ရော်နယ်ဒိုကိုသာ သူ့ရဲ့ အားကျရတဲ့သူအဖြစ် ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဂါနာချိုဟာ ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုရဲ့ နာမည်ကျော်အောင်ပွဲခံဟန် "Sui" ပြုလုပ်ခဲ့တာပါ။ ဂါနာချိုဟာ ပြီးခဲ့တဲ့နှစ်က ရော်နယ်ဒိုရဲ့ ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် မက်ဆီက သူ့ကို unfollowed ပြုလုပ်ခဲ့တာလို့ ပရိသတ်တွေက ပြောခဲ့ တာဖြစ်ပါတယ်။ 

ဂါနာချိုဟာ ယူနိုက်တက်အသင်းကြီးအတွက် ပွဲပေါင်း ၅၃ ပွဲပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ အာဂျင်တီးနား လက်ရွေးစင်အသင်းကြီးအတွက် ၃ ပွဲ ပါဝင်ကစားထားပါတယ်။

Source:Mirror