CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃

ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်က တိုက်စစ်မှူး ဘတ်ပီအနေနဲ့ အနာဂတ်မှာ ဘောလွန်းဒီအောဆုကို ရယူချင်တယ်ဆိုရင် ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်အောင် ဦးဆောင်ပေး ရမယ်လို့ ပြောလိုက်ပါတယ်။

အင်းနရစ်က “ဘောလွန်းဒီအောကို ရဖို့အတွက်ဆိုရင် ဘတ်ပီအနေနဲ့ အလွန်ကောင်းမွန်တဲ့ တစ်ဦးချင်း စွမ်းဆောင်မှုအပြင် ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဆုဖလားတွေ ရယူပေးနိုင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ပီအက်စ်ဂျီအသင်းမှာ ဆုဖလားတွေရယူနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်နေသလို ဘတ်ပီကလည်း နိုင်ငံအသင်းမှာ ဒီလိုမျိုးလုပ်ဆောင်မှာပါ။ ဘတ်ပီဟာ ဘောလွန်းဒီအောဆု အများအပြားကို ရယူနိုင်မယ်ဆိုတာ သေချာတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီဟာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းနဲ့အတူ လာမယ့်နှစ်တွေမှာ ဘောလွန်းဒီအောဆုကို ရယူနိုင် မယ့်သူအဖြစ် အားလုံးရဲ့ သတ်မှတ်ခြင်းကို ခံထားရတာ ဖြစ်ပါတယ်။ 

အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ဒုတိယနေရာသာ ရအောင် စွမ်းဆောင်ပေးခဲ့သလို ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့လို့ ဘောလွန်းဒီအော ဆုနဲ့ ဝေးခဲ့တာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့ ဘောလွန်းဒီအောဆု ပေးပွဲမှာ မက်ဆီ၊ ဟာလန်းတို့ရဲ့နောက် တတိယနေရာမှာသာ ရပ်တည် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း နည်းပြကတော့ ဒီဆုဟာ ဘတ်ပီရဲ့ လက်ထဲကို ရောက်ရှိမယ်ဆိုတာ သေချာပေမယ့် အောင်မြင်မှု ရယူဖို့အတွက် လုပ်ဆောင်ရမယ့် အရာတွေရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ 

ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက နိုက်စ်အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုတွင်းကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။

Source: Goal