CNI News

ရောမ ဇူလိုင် ၁၃

ဥရောပဘောလုံးချန်ပီယံများ၏ ဇူလိုင် ၁၁ ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်း အိမ်အပြန်ခရီးကို အီတလီပြည်သူများက မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်း၊ တံပိုးခရာများ မှုတ်ခြင်းတို့ဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး စည်းကမ်းများ ချိုးဖောက်လျက် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

လန်ဒန်မြို့၊ ဝင်ဘလေကွင်းတွင် အိမ်ရှင်ဖြစ်သူ အင်္ဂလန်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ် ၃ဂိုး -၂ဂိုးဖြင့် အောင်ပွဲခံခဲ့သော အီတလီအသင်းကို အီတလီပြည်သူများက တခဲနက် ကြိုဆိုဂုဏ်ပြုခဲ့ကြခြင်းဖြစ်သည်။

လီယိုနာဒိုဒါဗင်ချီလေဆိပ်သို့ အောင်ပွဲရကစားသမားများ တင်ဆောင်လာသော အလီတေလီယာ အထူးလေယာဉ် ဆိုက် ရောက်ချိန်တွင် လေယာဉ်မှူး ဂျော်ဂျီယိုချီလီနီက လက်သီးလက်မောင်းတန်း၍ ကြုံးဝါးပြခဲ့သလို အီတလီအသင်း နည်းပြ ရောဘတ်တိုမန်ချီနီက ဆီးကြိုနေသော လူထုပရိသတ်ကို ဦးစွာပထမ ဦးညွှတ်အလေးပြုခဲ့သည်။ ပျော်ရွှင်မြူးထူးသော လေယာဉ်အမှုထမ်းများကြားမှ ခြေထောက်တစ်ဖက်တည်း အားပြုလှမ်းရင်း ထွက်ပေါ်လာသူမှာ နောက်ခံကစားသမား လီယိုနာဒိုစပင်နက်ဇိုနာဖြစ်သည်။ သူသည် ပွဲတစ်ခုတွင် ရေကုန်ရေခမ်း ခြေစွမ်းပြရင်း ခြေထောက်တစ်ဖက် ဒဏ်ရာရရှိခဲ့ သည်။

“Grazie Azzurri” ဟု ရေးထားသည့် နဖူးစည်းစာတမ်းကို တစ်နိုင်ငံလုံး ချိတ်ဆွဲဂုဏ်ပြုခဲ့ကြသည်။ ၂၀၀၆ ကမ္ဘာ့ဖလား နောက်ပိုင်း အီတလီအသင်းသည် မိခင်တိုင်းပြည်အတွက် အောင်ပွဲအရသာကို ယခု အသစ်တဖန် ပြန်လည် ခံစားစေခြင်း ဖြစ်သည်။

ဇူလိုင် ၁၂ ရက်၊ တနင်္လာနေ့က သမ္မတ ဆာဂျီယိုမက်တာနှင့် ဝန်ကြီးချုပ် မာရီယိုဒဂ်တို့က အီတလီအမျိုးသားအသင်းကို အစိုးရအဖွဲ့အနေဖြင့် ချီးကျူးထောပနာပြုခဲ့သည်။

အီတလီနိုင်ငံသည် ယမန်နှစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရပြီးနောက် ပုံမှန်ပြန်လည် တည့်မတ်နိုင်ဖို့ ကြိုးစားရုန်းကန်နေချိန်တွင် ယခုအောင်ပွဲက အီတလီအမျိုးသားရေးအတွက် တွန်းအားတစ်ခုဖြစ်လာခဲ့သည်။

ထောင်နှင့်ချီသော လူများ လမ်းမပေါ်သို့ ထွက်လာခဲ့ပြီး ရောမတစ်မြို့လုံး တစ်ညလုံး မီးရှူးမီးပန်းများ ပစ်ဖောက်ရင်း ယာဉ် အသွားအလာများ ရှုပ်ယှက်ခတ်နေခဲ့ရာ ဇူလိုင် ၁၂ ရက် နံနက်မိုးလင်းချိန်ကျမှ ဆူညံသံများ တိတ်ဆိတ်သွားခဲ့သည်။

“ဒီအောင်ပွဲဟာ ကိုဗစ်ခံစားရပြီးနောက် အမျိုးသားစိတ်ဓါတ်အတွက် အင်မတန်ကောင်းပါတယ်။ မနေ့ကဆို ကျနော့်မှာ ဝမ်းသာလုံး ဆို့နေခဲ့ပါတယ်။ တကယ့်ကို ပျော်စရာပါ” ဟု ဥရုဂွေးနိုင်ငံတွင် နေထိုင်သူ အီတလီလူမျိုး ဒန်နီရယ်ရိုင်နိုက ရောမသို့ အပြေးအလွှားပြန်လာရင်း ဝမ်းသာအားရ ပြောပြသည်။
အီတလီပြည်သူများသည် ယခုကဲ့သို့ ဥရောပချန်ပီယံဖြစ်ရေးအတွက် ၁၆ လတာကာလအတွင်း အကျပ်အတည်းမျိုးစုံကြားမှ ကြိုးစားရုန်းကန်ခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နွေဦးရာသီတွင် အီတလီမြောက်ပိုင်းရှိ ဆေးရုံများတွင် လူနာများဖြင့် ပြည့်နှက်နေခဲ့ကာ သေဆုံးသူဦးရေ များပြားလာ၍ အာရှတိုက်ပြင်ပတွင် ကူးစက်ရောဂါကြောင့် အထိနာဆုံး တိုင်းပြည်ဖြစ် လာခဲ့သည်။ အီတလီနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ၁၂၇,၀၀၀ ကျော် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဥရောပသမဂ္ဂ ၂၇ နိုင်ငံ ထဲတွင် အများဆုံး သေဆုံးမှုဖြစ်ခဲ့သည်။

“ ဒါဟာ လူတိုင်းအတွက် ခက်ခဲကြမ်းတမ်းတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပေမယ့် ကျနော်တို့နိုင်ငံအတွက် ပထမဆုံး ရုန်းကန်အောင် ပွဲခံနိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ပါပြီ။ ဒါဟာ အသစ်တစ်ခု အစပျိုးဖို့ အရိပ်လက္ခဏာကောင်းပဲ ဖြစ်ပါတယ်” ဟု မီလန်မြို့ အခြေစိုက် အသက် ၃၀ အရွယ်ရှိ ပွဲစီစဉ်ထုတ်လုပ်သူ မီချယ်လာဆော့ဖာနယ်လီက ပြောသည်။

အီတလီနိုင်ငံတွင် ကပ်ရောဂါအတွက် ကန့်သတ်ချက်အများစုကို ယမန်နှစ် နွေဦးရာသီကတည်းက ဖယ်ရှားနိုင်ခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် “ကျွန်ုပ်တို့သည် ဥရောပ၏ ချန်ပီယံများဖြစ်သည်” ဟူသော ကြွေးကြော်သံများဖြင့် မြို့တော် လမ်းများ ပေါ်တွင် ပျော်ရွှင်နိုင်ပြီဖြစ်သည်။

Source: Associated Press (AP)

https://www.voanews.com/europe/italy-erupts-europes-soccer-champions-come-home-rome?fbclid=IwAR2N0XU8TXHnl2EWkjIBUJxoyPOernOmsbfcXienMpmwpt6_BsN3DsVudn0