CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄

ဘယ်လင်ဂမ်ဟာ နာပိုလီအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရယ်လ်အသင်းအတွက် တစ်ကိုယ်တော် လှပတဲ့ သွင်းဂိုးကို သွင်းယူခဲ့ပြီးနောက် အာဂျင်တီးနားဂန္တဝင် မာရာဒိုနာနဲ့ နှိုင်းယှဉ်ခံရတဲ့ အပေါ် တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။

ဘယ်လင်ဂမ်က “ဒါကတော့ နည်းနည်းများလွန်းတယ်လို့ ထင်ပါတယ်။ ဒီဂိုးကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုးပါ။ မာရာဒိုနာရဲ့ အရည်အသွေးတွေက ကျနော့်ထက် အနည်းငယ် ဒါမှမဟုတ် အများကြီး ပိုပြီးသာပါတယ်။ ကျနော် ကတော့ ကျနော့်ရဲ့ ပုံစံနဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးနိုင်ဖို့ ကြိုးစားနေတာပါ”လို့ မာရာဒိုနာနဲ့ နှိုင်းယှဉ်ခံရတဲ့အပေါ် ဖြေကြားခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု ဒုတိယမြောက်ပွဲစဉ်မှာ နာပိုလီအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရပြီး အုပ်စုတွင်း ၂ ပွဲစလုံး နိုင်ပွဲရရှိထားတာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းသားတွေကိုတွေ့ရစဉ်

အသက် ၂၀ အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ဒီပွဲမှာ နာပိုလီအသင်း ကွင်းဘက်အခြမ်းကနေ နောက်ခံလူတွေ အများအပြားကို လိမ်ခေါက်ဖြတ်ကျော်ပြီး ဂိုးဧရိယာအတွင်း ဝင်ရောက်ကာ ရီးရယ်လ်အသင်းအတွက် လှပတဲ့ သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။ 

အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကနေ ယူရို ၁၀၃ သန်းနဲ့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ နာပိုလီအသင်းနဲ့ ပွဲအပါအဝင် ရီးရယ်လ်အသင်းအတွက် ၉ ပွဲ ပါဝင်ကစားထားအပြီးမှာ ၈ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးမှု ပြုလုပ်ထားတာပါ။

ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ 

ဘယ်လင်ဂမ်ဟာ လာမယ့် အိုဆာဆူနာအသင်းနဲ့ စပိန်လာလီဂါပွဲစဉ်မှာလည်း ရီးရယ်လ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဆက်ပြီးပြသနိုင်ဖို့ မျှော်လင့်နေတာပါ။

ရီးရယ်လ်အသင်းဟာ အခုနှစ် ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ ၈ ပွဲ ကစားအပြီးမှာ ရှုံးပွဲ ၁ ပွဲသာ ကြုံတွေ့ ထားကာ ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

Source: Goal