CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀

အယ်လ်နာဆာအသင်းက အယ်လ်တိုင်အသင်းကို အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးသွင်း ယူပေးခဲ့တဲ့ ရော်နယ်ဒိုဟာ အယ်လ်နာဆာ ကစားသမားဘဝ ဂိုး ၃၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းက အယ်လ်တိုင်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ရော်နယ်ဒိုဟာ ပွဲချိန် ၈၇ မိနစ် မှာ ပင်နယ်တီကနေ အယ်လ်နာဆာအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။

ရော်နယ်ဒိုဟာ အနိုင်ဂိုး မသွင်းယူခင် အသင်းဖော် တာလီစကာသွင်းယူတဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုအတွက်တော့ ဒီပွဲမှာသွင်းယူခဲ့တဲ့ အနိုင်ဂိုးကြောင့် အခုနှစ် ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၀ ဂိုး အမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့တာပါ။

ရော်နယ်ဒိုနဲ့ မာနေးကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းကနေ ရောက်ရှိလာပြီးကတည်းက အယ်လ်နာဆာ အသင်းအတွက် ပွဲပေါင်း ၃၄ ပွဲ ပါဝင်ကစားအပြီးမှာ ဂိုး ၃၀ သွင်းယူနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ရာသီအစ ၂ ပွဲ ရှုံးပွဲကြုံတွေ့ပြီး နောက်ပိုင်း ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၆ ပွဲ စလုံး အနိုင်ရခဲ့ပြီး ရော်နယ်ဒိုက ဒီ  ၆ ပွဲစလုံးမှာ အသင်းအတွက် ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုက “နောက်ထပ် အရေးကြီးတဲ့ နိုင်ပွဲနဲ့ ပြိုင်ပွဲစုံ ၉ ပွဲ ဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ အသင်းဟာ အလွန် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မှုကို ဆက်ပြီးထိန်းသိမ်း ကြမယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ အယ်လ်တိုင်အသင်းကို အနိုင်ရခဲ့တဲ့အတွက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။

အယ်လ်နာဆာအသင်းဟာ အောက်တိုဘာ ၂ ရက်မှာ အာရှချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အိုက်စ်တီကောလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Besoccer