CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀

စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က သူတို့ဖွဲ့စည်းထားတဲ့ပုံစံကို ချက်ချင်း အပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပြီးနောက် အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်းဟာ နိုင်ငံအသင်းအပေါ် သပိတ်မှောက်တာကို  စက်တင်ဘာ ၂၀ ရက်က အဆုံးသတ် လိုက်ပါတယ်။

ကစားသမားတွေ၊ RFEF တာဝန်ရှိသူတွေ၊ အမျိုးသား အားကစားကောင်စီနဲ့ အမျိုးသမီး ကစားသမားများ အဖွဲ့အစည်း FUTPRO တို့ဟာ နာရီပေါင်းများစွာကြာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ဒီဆုံးဖြတ် ချက်ကို ချမှတ်နိုင်ခဲ့တာပါ။

စပိန်အသင်းဟာ လာမယ့် နေးရှင်းလိဂ် ပွဲစဉ်အတွက် လူစာရင်း ထုတ်ပြန်ခဲ့ပေမယ့် အဖွဲ့ချုပ်ကို နောက်ထပ် အပြောင်းအလဲတွေ မပြုလုပ်မချင်း နိုင်ငံအသင်းအတွက် ကိုယ်စားပြုမှာ မဟုတ်ဘူးလို့ စပိန်အမျိုးသမီး ကစားသမားတွေက ပြောခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ရုံးကိုတွေ့ရစဉ်

အမျိုးသားအားကစားကောင်စီ(CSD)ရဲ့ အကြီးအကဲ ဗစ်တာဖရန်ကို့စ်က “သဘောတူညီချက်တွေကို လိုက်နာဖို့ RFEF၊ ကစားသမားတွေနဲ့ CSD တို့အကြား ပူးတွဲကော်မရှင်တစ်ရပ်ကို ဖန်တီးသွားမှာဖြစ်ပြီး ဒါကို မနက်ဖြန်မှာ လက်မှတ် ရေးထိုးသွားမှာပါ။ ကစားသမားတွေက RFEF မှာ လေးနက်တဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ် ကြောင်း သူတို့ရဲ့ စိုးရိမ်မှုကို ဖော်ပြခဲ့ပြီး ဒီအပြောင်းအလဲတွေကို ချက်ချင်းပြုလုပ်ဖို့ ကတိပြုထားပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဖရန်ကို့စ်နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီ အကြီးအကဲ ရာဖေးလ်အာမိုတို့ဟာ အပြောင်းအလဲတွေကို အသေးစိတ် မပြောခဲ့ဘဲ မကြာခင်မှာ ကြေညာသွားမယ်လို့သာ ပြောခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်းရဲ့ လူစာရင်းမှာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမား အများအပြား ရွေးချယ်ခံထားရပြီး ကစားသမားတွေဟာ သူတို့ရဲ့ အနာဂတ်နဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်သွား မယ်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

စပိန်အသင်းဟာ လာမယ့်ရက်ပိုင်းမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် ဆွီဒင်၊ ဆွစ်ဇာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပြိုင်ပွဲကနေ လာမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရမယ့် အသင်းတွေကို ဆုံးဖြတ်သွားမယ်လို့ သိရပါ တယ်။

Source: CNA