CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀

အီတလီဂိုးသမား ပရိုဗီဒယ်လ်ဟာ အသလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ လာဇီယို အသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူပေးပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ၄ ဦးမြောက် ဂိုးသမား မှတ်တမ်းဝင် သွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အိမ်ရှင်လာဇီယိုအသင်းဟာ အသလက်တီကိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေချိန် ပွဲပြီးဆုံးဖို့ နောက်ဆုံး စက္ကန့်ပိုင်းအလိုမှာ ပရိုဗီဒယ်လ်ဟာ အယ်လ်ဘာတိုရဲ့ ဖြတ်တင်ပေးမှုကို ခေါင်းတိုက် အဆုံးသတ် ပေးခဲ့တာပါ။ 

အဲ့ဒါကြောင့် ပွဲချိန် ၂၉ မိနစ်မှာကတည်းက ဦးဆောင်ဂိုး သွင်းယူထားတဲ့ အသလက်တီကို အသင်းဟာ လာဇီယိုအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ရမှတ် ၁ မှတ်စီ ခွဲဝေယူခဲ့ရတာ ဖြစ်ပါတယ်။

ပရိုဗီဒယ်လ်ဟာ အသလက်တီကိုအသင်းရဲ့ ကန်သွင်းချက်တွေကို ကာကွယ်နိုင်ခဲ့သလို အသင်းအတွက် အဖိုးတန် ချေပဂိုးကိုပါ သွင်းယူနိုင်ခဲ့လို့ လာဇီယိုအသင်းရဲ့ ဟီးရိုးသဖွယ် ဂုဏ်ပြုခြင်းခံခဲ့ရတာပါ။ 

အသက် ၂၉ နှစ်အရွယ်ရှိ ပရိုဗီဒယ်လ်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ ၄ ဦးမြောက် ဂိုးသွင်းယူတဲ့ ဂိုးသမားဖြစ်လာခဲ့ပြီး သူမတိုင်ခင် ဂျော့ဘတ်၊ ဘိုလတ်နဲ့ အန်ယီမာတို့ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ 

ဂိုးသွင်းပြီး ပရိုဗီဒယ်လ် အောင်ပွဲခံနေစဉ်

အန်ယီမာဟာ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာက နောက်ဆုံး သွင်းယူခဲ့တဲ့သူဖြစ်လို့ ချန်ပီယံလိဂ်မှာ ဂိုးသမားတစ်ဦးရဲ့ သွင်းဂိုးကို ၁၃ နှစ်အကြာမှ ပြန်လည်မြင်တွေ့ခွင့်ရခဲ့တာပါ။ 

ဒါ့အပြင် ပရိုဗီဒယ်လ်ဟာ ပင်နယ်တီနဲ့ မဟုတ်ဘဲ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ဂိုးသမားလည်း ဖြစ်ခဲ့ပါတယ်။ 

ပရိုဗီဒယ်လ်ဟာ ၂၀၂၀ ခုနှစ်က ဂျူဗီစတာဘီယာမှာ ကစားချိန်ကလည်း အက်စ်ကိုလီအသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်း ယူနိုင်ခဲ့လို့ ဒီဂိုးဟာ သူ့ရဲ့ ကစားသမားဘဝ ဒုတိယမြောက်သွင်းဂိုး ဖြစ်ခဲ့တာပါ။ 

ပရိုဗီဒယ်လ်ကတော့ ဒီ ၂ ဂိုးစလုံးက သူ့အတွက် အလွန်အရေးပါတဲ့ သွင်းဂိုးတွေဖြစ်ပြီး၊ အများကြီး အဓိပ္ပါယ် ရှိတယ်လို့ ပြောခဲ့ပါတယ်။

လာဇီယိုအသင်းဟာ အသလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့ပေမယ့် စီးရီးအေပြိုင်ပွဲမှာ တော့ ရလဒ်တွေဆိုးနေပြီး ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်ထားတာပါ။ 

လာဇီယိုအသင်းဟာ စက်တင်ဘာ ၂၄ ရက်မှာ စီးရီးအေပွဲစဉ်အဖြစ် မွန်ဇာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC