CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉

စပိန်အမျိုးသမီးကစားသမားတွေဟာ နိုင်ငံအသင်းရဲ့နောက်ဆုံးထုတ်ပြန်တဲ့ လူစာရင်းမှာ ခေါ်ယူခြင်း ခံထားရပေမယ့် ဆက်ပြီးသပိတ်မှောက်တယ်လို့ ပြောလိုက်ပါတယ်။

စပိန်အသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းလူစာရင်းထဲက ၁၅ ဦးကို လာမယ့်နေရှင်းလိဂ်ပြိုင်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့လူစာရင်းမှာ ထည့်သွင်းခဲ့တာပါ။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ ရူဘီယာလက်စ်က ဟာမိုဆိုကို နမ်းခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကို ကစားသမား ၈၁ ဦးပါတဲ့ အစုအဖွဲ့က သပိတ်မှောက်မှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရူဘီယာလက်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမား ၂၃ ဦးထဲက ၂၁ ဦးအပါအဝင် ကစားသမားစုစုပေါင်း ၃၉ ဦးဟာ စပိန် ဘောလုံးအဖွဲ့ချုပ်ကို ပြောင်းလဲမှုတွေမလုပ်မချင်း သပိတ်မှောက်မှုကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောထားခဲ့တာပါ။ စပိန်အမျိုးသမီးအသင်းဟာ လာမယ့်နေးရှင်းလိဂ်ပွဲတွေအတွက် ထုတ်ပြန်ခဲ့တဲ့ ကစားသမားစာရင်းထဲမှာ ဟာမိုဆိုကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းရဲ့လူစာရင်းထွက်ပေါ်လာပြီးနောက် ကစားသမားတွေက သပိတ်မှောက်မှုဟာ ဆက်ပြီး တည်ရှိ နေဦးမှာ ဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ စပိန်အမျိုးသမီးအသင်းကို နည်းပြသစ်အဖြစ် မွန်ဆီတိုမဲက ကိုင်တွယ်နေတာဖြစ်ပြီး သူမဟာ စပိန်အမျိုးသမီးအသင်းကို ကိုင်တွယ်တဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် လည်း မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က ကစားသမားတွေအနေနဲ့ လက်ရွေးစင်အသင်းထံ ပြန်သွားဖို့ တိုက်တွန်းခဲ့ပြီး ကစားသမားတွေအနေနဲ့ ရွေးချယ်ခံရမယ်ဆိုရင် ကစားပေးဖို့ တာဝန်ရှိတယ်လို့ ပြောထားခဲ့တာပါ။စပိန်အသင်း ဟာ နေရှင်းလိဂ်ပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၂၂ ရက်မှာ ဆွီဒင်၊ ၂၆ ရက်မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC