CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇

ချယ်လ်ဆီးအသင်းဂန္တဝင်ကစားသမားဟောင်း ဂျွန်တယ်ရီဟာ သူ့ရဲ့ပထမဆုံးနည်းပြအလုပ်အကိုင်အဖြစ် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

အယ်လ်ရှာဘတ်အသင်းဟာ ဂျွန်တယ်ရီကို နည်းပြအဖြစ်ခန့်အပ်ဖို့ လွန်ခဲ့တဲ့ ၂ လကတည်းက ချဉ်းကပ်မှု တွေပြုလုပ်ခဲ့တာဖြစ်ပြီး နှုတ်နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ The Sun က ဖော်ပြထားတာပါ။ 

အယ်လ်ရှာဘတ်အသင်းဟာ ဂျွန်တယ်ရီကို ကနဦး ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပေမယ့် စာချုပ်အပြီးသတ် ပြီးရင်တော့ ၄ နှစ်စာချုပ်အထိဖြစ်သွားနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဆော်ဒီဟာ နွေရာသီအပြောင်းအရွှေ့မှာ နာမည်ကြီးကစားသမားတွေကို ခေါ်ယူတာနဲ့အတူ နည်းပြတွေကိုလည်း ခေါ်ယူနေတာဖြစ်ပြီး ဂျွန်တယ်ရီမတိုင်ခင် သူ့ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော်ဟောင်း စတီဗင်ဂျရတ်ကို ခေါ်ယူထားတာပါ။ စတီဗင်ဂျရတ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေပါတယ်။ 

ဂျွန်တယ်ရီဟာ အခုနှစ်ထဲမှာ ချယ်လ်ဆီးလူငယ်အကယ်ဒမီရဲ့ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့ပြီးနောက် အယ်လ်ရှာဘတ်အသင်းကို ကိုင်တွယ်ကာ သူ့ရဲ့ ပထမဆုံးနည်းပြရာထူးကို တာဝန်ယူတော့မှာပါ။ အင်္ဂလန် နောက်ခံလူဟောင်းဟာ အက်စတွန်ဗီလာအသင်းနဲ့ လက်စတာအသင်းတို့မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး နည်းပြအတွေ့အကြုံတွေကို ရှာဖွေထားတာဖြစ်ပါတယ်။ အယ်လ်ရှာဘတ်အသင်းဟာ အခုနှစ် ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ရမှတ် ၂ မှတ်သာ ရရှိထားတာပါ။

အသက် ၄၂ နှစ်အရွယ်ရှိ ဂျွန်တယ်ရီဟာ စက်တင်ဘာ ၁၅ ရက်မှာ ကစားမယ့် အယ်လ်ဖိုင်ဟာအသင်းနဲ့ ပွဲစဉ်မှာ အယ်လ်ရှာဘတ်အသင်းကို နည်းပြအဖြစ် စတင်ကိုင်တွယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Source:DailyMail