CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇

မန်စီးတီးအသင်းဟာ ဥရောပစူပါဖလားပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ပထမဆုံးအကြိမ်ရရှိသွားခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာ မန်စီးတီးအသင်းက ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ မန်စီးတီးအသင်းဘက်က ပင်နယ်တီကန်သွင်းသူ ၅ ဦးစလုံးဂိုးဝင်ခဲ့ပြီး ဆီဗီလာအသင်းက ဂူဒယ်လ်ဂျီက ဂိုးမဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် မန်စီးတီးအသင်းဟာ သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဥရောပစူပါဖလားကို ရရှိသွားခဲ့တာပါ။ 

မန်စီးတီးအသင်းအတွက်တော့ အခုနှစ်ထဲမှာ ဆုဖလား ၄ လုံးကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုသာ ထပ်ပြီးရယူနိုင်ခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း ဆုဖလား ၅ လုံးရရှိမှာဖြစ်ပါတယ်။ နည်းပြ ဂွာဒီယိုလာအတွက်လည်း မတူညီတဲ့ ကလပ်အသင်း ၃ သင်းနဲ့ ဥရောပစူပါဖလားရယူနိုင်တဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဂွာဒီယိုလာဟာ ဥရောပစူပါဖလားကို ဘာစီလိုနာအသင်းနဲ့ ၂ ကြိမ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁ ကြိမ်ရယူထား နိုင်ခဲ့တာပါ။ စပိန်လူမျိုးနည်းပြကတော့ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံမရသေးဘူးလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့ရဲ့ အကောင်းဆုံးအခိုက်အတန့်တွေမဟုတ်သေးဘူးလို့ ပြောချင်ပါတယ်။ ဒီရာသီမှာ ဆုဖလားတစ်လုံးရယူနိုင်ခဲ့လို့ ကျနော်ကျေနပ်ပါတယ်။ ဒီဆုဖလားကို ကျနော်တို့ မရဖူးသေးပေမယ့် အခုတော့ ကျနော်တို့ ရရှိသွားပါပြီ။ ကျနော်တို့ဟာ ကလပ်အသင်းအတွက် ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူချင်ပြီး ဒီဇင်ဘာမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဆုဖလားရယူဖို့ သွားမှာပါ”လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသပြီး အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ လူငယ်ကြယ်ပွင့် ပယ်လ်မာ ကို အသင်းမှာဆက်ထိန်းသိမ်းဖို့ ကြိုးစားသွားမှာဖြစ်ပြီး ထွက်ချင်တယ်ဆိုရင် အငှားချမှာမဟုတ်ဘဲ ရောင်းချသွား မယ်လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail