CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၆

ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာက အားကစားသမိုင်းသစ်ကို ရေးချင်တယ်လို့ ပြောလိုက်ပါတယ်။

နေမာက “ကျနော်အားကစားသမိုင်းသစ်ကို ရေးချင်ပါတယ်။ အခု ဆော်ဒီပရိုလိဂ်မှာ ကြီးမားတဲ့စွမ်းအင်တွေနဲ့ အရည်အသွေးတွေရှိတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ဘရာဇီးလ် ကစားသမား အများအပြားဟာ ဆော်ဒီမှာ နှစ်တွေအကြာကြီး ကစားခဲ့တာကို သိခဲ့ရတဲ့အတွက်ကြောင့် ဒါက အလိုရှိတဲ့ နေရာဆိုတာ ကျနော် ယုံကြည်ပါတယ်။ အယ်လ်ဟီလယ်ဟာ ကြီးမားတဲ့အသင်းဖြစ်ပြီး အာရှမှာလည်း အကောင်းဆုံး စာရင်းဝင်ပါ တယ်။ ကျနော်ဟာ နိုင်ပွဲတွေရယူပြီး သွင်းဂိုးတွေ သွင်းရတာကို နှစ်သက်တဲ့အတွက် ဒါကို ဆော်ဒီနဲ့ အယ်လ်ဟီလယ်မှာလည်း ဆက်ပြီးလုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်”လို့ ပြောခဲ့ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ နေမာအတွက် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ ပေးချေခဲ့ရပြီး ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့တာပါ။ 

နေမာဟာ အခုရာသီ ပီအက်စ်ဂျီအသင်းရဲ့ အစီအစဉ်မှာ မပါဝင်တော့တာကြောင့် ထွက်ခွာဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းအတွက် ၁၇၃ ပွဲ ပါဝင်ကစားခဲ့ပြီး လီဂူးဝမ်းဖလား ၅ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၃ လုံးရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်လုပ်ခလစာ ယူရို ၂၅ သန်း ရရှိခဲ့ပေမယ့် ဆော်ဒီကလပ်မှာတော့ တစ်နှစ် ကို ယူရိုသန်း ၁၅၀ အထိ ရရှိမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဒါဟာ နေမာအတွက်တော့ ပီအက်စ်ဂျီ အသင်းမှာရရှိတဲ့ လုပ်ခလစာ ပမာဏရဲ့ ၆ ဆ ဖြစ်တယ်လို့ သိရပါတယ်။

အယ်လ်ဟီလယ်အသင်းကို ပြောင်းရွှေ့သွားတဲ့ နေမာကိုတွေ့ရစဉ်

အယ်လ်ဟီလယ်အသင်းဥက္ကဋ္ဌ ဖာဟတ်ဘင်ဆတ်က နေမာကို ကြိုဆိုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အိုင်ကွန်လို့ ပြောခဲ့ တာပါ။

ဆော်ဒီပရိုလိဂ်ဟာ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုကို ဇန်နဝါရီလမှာ ခေါ်ယူပြီးနောက်ပိုင်း အခု အပြောင်းအရွှေ့ ကာလမှာ နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ 

နေမာဟာ ဆော်ဒီလိဂ်ကို နောက်ဆုံးရရှိလာခဲ့တဲ့ နာမည်ကျော် ကစားသမားဖြစ်ပြီး သူမတိုင်ခင်က ဘန်ဇီမာ၊ ကန်တီ၊ မာနေး၊ ဟန်ဒါဆန်၊ ဖာမီနိုနဲ့ မာရက်ဇ်တို့ကို ခေါ်ယူနိုင်ခဲ့တာပါ။

နေမာဟာ အယ်လ်ဟီလယ်အသင်းမှာ ရူဘင်နာဗတ်စ်၊ ကူလီဘာလီ၊ ဆာဗစ်တို့နဲ့ တွဲဖက်ကစားရမှာဖြစ်ပြီး အခု အပတ်ကစားမယ့် ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source: BBC