CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂ 

WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီဟာ အောက်တိုဘာလ ၂၈ ရက်တွင် ဆော်ဒီမှာ MMA ဖိုက်တာ ဖရန်ဆစ် အင်ဂါနူနဲ့ ထိုးသတ်မယ်လို့ ဘီဘီစီ အားကစားပိုင်းက ဖော်ပြထားပါတယ်။

UFC ဟဲဗီးဝိတ် ချန်ပီယံဟောင်း ဖရန်ဆစ်အင်ဂါနူဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲ မထိုးသတ်ဖူးဘဲ ဒီပွဲဟာ သူ့ရဲ့ ပထမဆုံး လက်ဝှေ့ပွဲ ဖြစ်လာမှာပါ။ 

တိုင်ဆန်ဗျူရီကတော့ ဒီပွဲဟာ သရုပ်ပြပွဲ မဟုတ်ဘဲ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပြိုင်ပွဲရဲ့ တရားဝင် စည်းမျဉ်းတွေ အတိုင်း ကျင်းပသွားမယ်လို့ ပြောထားပါတယ်။ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဗျူရီဟာ ဖရန်ဆစ်အင်ဂါနူနဲ့ ထိုးမယ့် ပွဲမှာ WBC ဟဲဗီးဝိတ် ချန်ပီယံဆုကို ကာကွယ်လို့ ရမှာမဟုတ်ပါဘူး။

တိုင်ဆန်ဗျူရီက “အင်ဂါနူဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး လက်သီးသမားလို့ ယူဆရပေမယ့် ဂျစ်ပစီကင်းရဲ့ တိုက်ခိုက်မှုကို သူဘယ်လို တုံ့ပြန်မလဲဆိုတာ ကြည့်ကြတာပေါ့”လို့ ပြောခဲ့ပါတယ်။ 

ဖရန်ဆစ်အင်ဂါနူနဲ့ တိုင်ဆန်ဗျူရီကို တွေ့ရစဉ်

အင်ဂါနူကတော့ တိုင်ဆန်ဗျူရီနဲ့ ထိုးသတ်မှာက သူ့ရဲ့ အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာတယ်လို့ ပြောခဲ့တာပါ။

ဖရန်ဆစ်အင်ဂါနူက “ကျနော်ဟာ တိုင်ဆန်ဗျူရီနဲ့ ကြိုးဝိုင်းထဲမှာ တွေ့ဆုံဖို့အတွက် လွန်ခဲ့တဲ့ ၃ နှစ် လောက် ကတည်းက စောင့်ဆိုင်းနေခဲ့တာပါ။ သူဟာ ကြိုးဝိုင်းထဲမှာ ထိုးတာပိုပြီးကောင်းပေမယ့် ကျနော်ကို ထိရင်တော့ သူအိပ်ပျော်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

WBC က ဒီပွဲကို ထိုးသတ်ပွဲမှာ ပါဝင်တဲ့ ပွဲအဖြစ် မသတ်မှတ်ထားပေမယ့် တိုင်ဆန်ဗျူရီကို ပြိုင်ပွဲယှဉ်ပြိုင်နိုင်ဖို့ အထူးခွင့်ပြုချက်ပေးတဲ့ အနေနဲ့ ပွဲစီစဉ်ပေးခဲ့တာလို့ ပြောခဲ့တာပါ။ တိုင်ဆန်ဗျူရီဟာ WBC ဟဲဗီးဝိတ် ချန်ပီယံ ဆုကို ကာကွယ်ရမှာ ဖြစ်ပေမယ့် သူ့ကို စိန်ခေါ်မယ့်သူ မရှိတာကြောင့် ဖရန်ဆစ်အင်ဂါနူနဲ့ ပွဲစီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

တိုင်ဆန်ဗျူရီဟာ အစောပိုင်းက အခုနှစ်ထဲမှာ အူဆက်ခ်နဲ့ ထိုးသတ်ဖို့ ရှိခဲ့ပေမယ့် ယူကရိန်း လက်ဝှေ့သမားဟာ ဆော်ဒီ ပွဲစီစဉ်သူအဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ထဲမှာ ပွဲဖြစ်လာဖို့ မရှိတော့တာပါ။

တိုင်ဆန်ဗျူရီရဲ့ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က လာမယ့်နှစ်မှာ သူတို့နှစ်ဦးရဲ့ ပွဲဖြစ်လာနိုင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: BBC