CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖရန့်ဖတ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ လူငယ်ဘောလုံးပြိုင်ပွဲမှာ ထိတ်လန့်စရာ အဖြစ်အပျက် ဖြစ်ခဲ့ပြီး ဆယ်ကျော်သက် ကစားသမားတစ်ဦးဟာ ပြိုင်ဘက်နဲ့ ရန်ဖြစ်ပြီးနောက် သေဆုံး သွားခဲ့ပါတယ်။

JFC ဘာလင်အသင်းမှာ ကစားနေတဲ့ အသက် ၁၅ နှစ်အရွယ်ရှိ ကစားသမားဟာ မတ်ဇ်လူငယ် အသင်း က ကစားသမားတစ်ဦးနဲ့ ပွဲအပြီးမှာ ရန်ဖြစ်ခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်ကြောင့် အသက် ၁၅ နှစ်အရွယ်ရှိ ကစားသမားဟာ ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာ ရရှိသွား ခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။

ဂျာမန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ “တနင်္ဂနွေနေ့က ရန်ဖြစ်ခဲ့မှုကြောင့် အသက် ၁၅ နှစ်အရွယ်ရှိ ကောင်လေးတစ်ဦးဟာ ဦးနှောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး သေဆုံးသွားခဲ့ပါတယ်။ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့အတွက် လာမယ့် ရက်ပိုင်းအတွင်းမှာ အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးသွား မယ်”လို့ ဖော်ပြခဲ့ပါတယ်။

ဘောလုံးကွင်း တစ်ခုကိုတွေ့ရစဉ်

ဂျာမန်က NW သတင်းမှာတော့ ပွဲအပြီး နှစ်ဘက်အသင်းကြား ရန်ပွဲဖြစ်ပွားခဲ့တာမှာ မတ်ဇ်ကစားသမား တစ်ဦးဟာ သေဆုံးသွားခဲ့တဲ့ ကစားသမားရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို ထိခိုက်အောင် လုပ်ခဲ့တာကြောင့် ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာ ရသွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဂျာမန်တရားရေးဌာနက ဒီအမှုကို ကိုင်တွယ်နေပြီး ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

မတ်ဇ်လူငယ်အသင်းရဲ့ ကစားသမားကတော့ ဂျာမန်အာဏာပိုင်တွေနဲ့အတူ ရှိနေပြီး သေဆုံးသွားတဲ့ ကစားသမားကို တမင်ထိခိုက်အောင် လုပ်ဆောင်လိုစိတ် မရှိခဲ့ဘူးလို့ ပြောထားပါတယ်။

ရဲတပ်ဖွဲ့က အမည်မဖော်လိုတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မတ်ဇ်လူငယ် ကစားသမားကို စခန်းမှာ ထိန်းသိမ်း ထားပါတယ်။

အခုအချိန်မှာ စုံစမ်းစစ်ဆေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Source: Daily Mail