CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အိမ်ကွင်းပရိသတ်တွေ အိပ်မက်ဆက်မက်နေဖို့က ဂျာမနီရဲ့ အလုပ်ဖြစ်တယ်လို့ နည်းပြ နာဂျယ်လ်စမန်းက ဟန်ဂေရီအသင်းကို အနိုင်ရခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

နာဂျယ်လ်စမန်းက “ကွင်းထဲမှာ အားပေးမှုတွေ အလွန်ကျယ်လောင်တာက ကောင်းမွန်တဲ့ ခံစားချက်ကို ပေးပါ တယ်။ ဒါက ကျနော်တို့ကို အကူအညီ ဖြစ်စေပါတယ်။ ဂျာမနီအသင်းမှာ မယုံနိုင်လောက်တဲ့ အတွေ့အကြုံရှိပြီး အောင်မြင်မှု အများအပြား ရယူထားနိုင်တဲ့ ကစားသမားတွေ ရှိပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုတွေ လိုအပ်ပါ တယ်။ ပရိသတ်တွေ အိပ်မက်ဆက်မက်နေဖို့က ကျနော်တို့ရဲ့အလုပ်ပါပဲ”လို့ ပြောခဲ့တာပါ။

ဂျာမနီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်မှာ ဟန်ဂေရီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ကြောင့် ၂ ပွဲကစား ၂ ပွဲနိုင်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂျာမနီအသင်းနည်းပြ နာဂျယ်လ်စမန်းက အိမ်ကွင်းမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ ပရိသတ်တွေရဲ့ အံ့သြဖွယ်ကောင်းတဲ့ အားပေးမှုတွေကို ချီးကျူးမှုပြုလုပ်ခဲ့တာပါ။ 

ဂျာမနီအသင်းသားတွေကိုတွေ့ရစဉ်

ဂျာမနီအသင်း ပရိသတ်တွေဟာ ယူရို ၁၉၉၆ ပြိုင်ပွဲ နောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံဆုကို အိမ်ကွင်းမှာ ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ရယူနိုင်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဂျာမနီအသင်း ခေါင်းဆောင် ဂန်ဒိုဂန်က သူတို့ဟာ ပိုပြီးကောင်း လာသလို တိုးတက်လာတာနဲ့ ပြဿနာအချို့ကို ကျော်ဖြတ်ရမယ်လို့ ပြောခဲ့တာပါ။

ဟန်ဂေရီအသင်းနည်းပြ မာကိုရော့စီက ဂျာမနီအသင်းဟာ ဒီပွဲမှာ ပိုကောင်းတဲ့ အသင်းဖြစ်ပေမယ့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အချို့ကို ပွဲအပြီးအင်တာဗျူးမှာ ဝေဖန်ခဲ့ပါတယ်။ 

ဟန်ဂေရီအသင်းဟာ အုပ်စုပွဲစဉ် ၂ ပွဲစလုံး အရေးနိမ့်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် နည်းပါးသွားခဲ့တာပါ။

အုပ်စုတွင်း နောက်ထပ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စကော့တလန်နဲ့ ဆွစ်ဇာလန်အသင်းတို့ ပွဲကတော့ ၁ ဂိုးစီ သရေကျ သွားခဲ့ပါတယ်။

အဲဒါကြောင့် ဆွစ်ဇာလန်အသင်းဟာ ၂ ပွဲကစား ရမှတ် ၄ မှတ်နဲ့ ဒုတိယ၊ စကော့တလန်အသင်းက ၂ ပွဲကစား ရမှတ် ၁ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: ESPN