CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၃၀

အေဂျတ်စ်အသင်းကွင်းလယ်လူ ဘာဂျ့်ဟူးဝစ်ဟာ အသင်းဘတ်စ်ကားရှေ့မှာ ပရိသတ်တစ်ဦးကို ထိုးနှက်ခဲ့တဲ့ ရုပ်သံထွက်ပေါ်လာပြီးနောက် တောင်းပန်မှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်လူဟာ ပရိသတ်တစ်ဦးကို ထိုးနှက်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေက ဝင်ရောက်တားဆီးခဲ့ရတာပါ။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ အေဂျတ်စ်အသင်းက တွမ်တီးအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာဖြစ်ပြီး ဘာဂျ့်ဟူးဝစ်ဟာ သူ့ရဲ့လုပ်ရပ်ကို နောင်တရနေခဲ့တာဖြစ်ပါတယ်။

ဘာဂျ့်ဟူးဝစ်က “ကျနော့်ရဲ့ လုပ်ရပ်အတွက် နောင်တရမိပြီး၊ ဒီလိုမျိုးမလုပ်ခဲ့သင့်ပါဘူး။ ကျနော့်ရဲ့လုပ်ရပ်က ဘယ်လိုမှဖြေရှင်းလို့မရပါဘူး။ ဒါက မကောင်းဘူးဆိုတာကို ကျနော်နားလည်ပါတယ်။ အေဂျတ်စ်ကစားသမား တစ်ဦးအနေနဲ့ စံနမူနာယူစရာ အခန်းကဏ္ဍရှိပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

နယ်သာလန်လက်ရွေးစင်အတွက် ၄၅ ပွဲ ပါဝင်ကစားထားတဲ့ ဘာဂျ့်ဟူးဝစ်ဟာ ၂၀၂၁ က ဖီယင်နုကနေ အေဂျတ်စ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီရာသီ ၄၂ ပွဲ ပါဝင်ကစားထားတာမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာဂျ့်ဟူးဝစ်ဟာ ဖီယင်နုအသင်းကို မပြောင်းရွှေ့ခင်မှာ ပရီးမီးယားလိဂ်ကလပ် ဝက်ဖိုဒ့်အသင်းမှာ ၂၀၁၅-၁၆ ရာသီက တစ်ရာသီ ကစားခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ဒတ်ချ်အမှတ်ပေးဖလား ရယူနိုင်ခဲ့တဲ့ အေဂျတ်စ်အသင်းဟာ အခုနှစ်ရာသီမှာတော့ ယူရိုပါလိဂ် ပလေးအောဖ့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၀၀၉ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲခဲ့ရတာ ဖြစ်ပါတယ်။ဘာဂျ့်ဟူးဝစ်ရဲ့ အသင်းဟောင်း ဖီယင်နုအသင်းကတော့ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် ဒတ်ချ်အမှတ်ပေးဖလားကို ရယူနိုင်ခဲ့ပြီး ပီအက်စ်ဗွီအသင်းက ဒုတိယရရှိခဲ့တာဖြစ်ပါတယ်။

Source:BBC