CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅

အယ်လ်နာဆာအသင်းဟာ အယ်လ်ဝါဒါအသင်းကို အရေးနိမ့်ပြီး ဆော်ဒီဘုရင့်ဖလား ဆီမီးဖိုင်နယ်ကနေ ထွက်ခွာ ခဲ့ရပြီးနောက် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဒေါသထွက် ပေါက်ကွဲနေခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အယ်လ်ဝါဒါအသင်းနဲ့ ဆော်ဒီပရိုလိဂ်မှာ ကစားခဲ့တုန်းက ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ၄ ဂိုးစလုံးကို ရော်နယ်ဒို တစ်ဦးတည်းက သွင်းယူခဲ့တာပါ။

ဒါပေမယ့် ဘုရင့်ဖလား ဆီမီးဖိုင်နယ်မှာတော့ အယ်လ်နာဆာ အသင်းဟာ အယ်လ်ဝါဒါအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အယ်လ်ဝါဒါ ကစားသမား အယ်လ်ဟာဖစ်ဟာ ပွဲချိန် ၅၃ မိနစ်မှာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ် ခံခဲ့ရပေမယ့် အယ်လ်နာဆာ အသင်းဟာ သွင်းဂိုး မသွင်းနိုင်ခဲ့လို့ ဆုဖလားရမယ့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ရတာပါ။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေး အများအပြားကို လွဲချော်ခဲ့ပြီး မိနစ် ၈၀ ကျော်မှာရတဲ့ ဂိုး ဧရိယာအတွင်းက ကန်သွင်းချက်ကလည်း တိုင်ထိထွက်ခဲ့လို့ အယ်လ်နာဆာအသင်း ဂိုးရနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဒီပွဲရဲ့ ပထမပိုင်းအပြီးမှာ အသင်း အရေးနိမ့်နေတဲ့အပေါ် စိတ်ပျက်နေပြီး အသင်းရဲ့ အရန်ခုံတန်းဘက်ကို ဒေါသထွက် ပေါက်ကွဲ အော်ဟစ်ကာ ဥမင်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ်

အယ်လ်နာဆာအသင်းဟာ ဆော်ဒီ ဘုရင့်ဖလား မတိုင်ခင်က ဆော်ဒီစူပါဖလားကနေ ထွက်ခွာခဲ့ရတာကြောင့် ဖလားပြိုင်ပွဲတွေမှာ ဆုဖလားရယူနိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ရပါတယ်။

ဒီရာသီမှာ အယ်လ်နာဆာအသင်းဟာ မျှော်လင့်စရာ တစ်လုံးတည်းသော ဆုဖလားကတော့ ဆော်ဒီပရိုလိဂ် အမှတ်ပေး ဖလားဖြစ်ပြီး လက်ရှိအချိန်မှာ အယ်လ်အစ်တီဟတ်အသင်းက ၃ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

ဇန်နဝါရီက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲကစားအပြီးမှာ ၁၁ ဂိုး သွင်းယူထားပေမယ့် နောက်ဆုံး ၃ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။

အယ်လ်နာဆာ အသင်းဟာ ဧပြီလ ၂၈ ရက်မှာ ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်ရက်ဒ်အသင်းနဲ့ အိမ်ကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail