CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က လိဒ်စ်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ အပြီးမှာ ဒီပွဲဟာ ဒီရာသီ သူတို့ရဲ့ အကောင်းဆုံးပွဲလို့ ပြောလိုက်ပါတယ်။

ကလောပ့်က “ဒီပွဲဟာ မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ ဒီရာသီမှာ ကစားခဲ့တဲ့ အကောင်းဆုံးပွဲလို့ ကျနော် ထင်ပါတယ်။ ဒီပွဲဟာ တကယ်ကို ကောင်းမွန်တဲ့ပွဲဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ဂိုးတွေလည်း သွင်းနိုင် ခဲ့ပါတယ်။ တန်ပြန်တိုက်စစ်တွေနဲ့ပွဲကို ဖိအားပေးနိုင်ခဲ့ပြီး ဆယ်စုနှစ်အတွင်း အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ကျနော် ပြောချင်ပါတယ်။ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိခဲ့ပြီး မလိုအပ်တဲ့ ဂိုးတစ်ဂိုးကို ပေးလိုက်ရပေမယ့် ဒါက ဖြစ်တတ် ပါတယ်။ ကျနော်တို့ဟာ ပွဲကိုလည်း အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်” လို့ Sky Sports ကို ပြောခဲ့တာပါ။

ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ဆာလတ်နဲ့ ဂျိုတာတို့က ၂ ဂိုးစီ၊ ဂတ်ပိုနဲ့ ဒါဝင်နူနက်ဇ်တို့က ၁ ဂိုးစီ သွင်းယူခဲ့ပြီး လိဒ်စ်အတွက် ချေပဂိုးကို ဆင်စတီရာက သွင်းယူခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ လီဗာပူးလ်အသင်းအတွက် တော့ ယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးပြန်လည်ရရှိတဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘုန်းမောက်အသင်းကို ၉ ဂိုး- ဂိုးမရှိ၊ ယူနိုက်တက်အသင်းကို ၇ ဂိုး- ဂိုးမရှိ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရိန်းဂျားစ်အသင်းကို ၇ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲတွေ ရယူနိုင်ခဲ့တာပါ။ဒါပေမယ့် ကလောပ့်က သူတို့တွေ ဂိုးသွင်းတဲ့ ဂိုးအရေအတွက်တွေထက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ်ကိုသာ အမြဲတမ်းအကဲဖြတ်မယ်လို့ ပြောခဲ့ပါတယ်။

ကလောပ့်က “၆ ဂိုးသွင်းတယ်ဆိုတာ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပါတယ်။ဒါက အနိုင်ရတဲ့ စွမ်းဆောင်ရည်ပါ။ ဒီပွဲက လုပ်ဆောင်မှုတွေဟာ အခုရာသီ အစောပိုင်းမှာ ဘာကြောင့် အလုပ်မဖြစ်ခဲ့လဲဆိုတာကို ရှင်းပြလို့မရပေမယ့် ဒီညမှာတော့ ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အဆင့် ၄ နေရာမှာရှိတဲ့ နယူးကာဆယ်အသင်းနဲ့ ၉ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:DailyMail