CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ဒီရာသီမှာ ရုန်းကန်နေရတဲ့အသင်းကို နွေရာသီမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

ကလော့ပ်က “ကျနော်တို့ တိုးတက်အောင်လုပ်ရမယ်ဆိုတာကို သိပြီး အရာရာကို ပြောင်းလဲပြီး လုပ်ဆောင်ရမှာပါ။ကျနော်တို့ အခု မလုပ်နိုင်သေးပေမယ့် နွေရာသီမှာ တစ်ခုခုလုပ်ရမယ်ဆိုတာ ရှင်းလင်းနေပြီးသားပါ။ အခုအချိန်မှာတော့ ဒီအခြေအနေကို ကျော်ဖြတ်ပြီး ပြန်လည်တိုက်ပွဲဝင်ရမှာပါ” လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရီးရယ်လ်အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။လီဗာပူးလ်အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ မီလ်နာ၊ ချိန်ဘာလိန်၊ ဖာမီနိုနဲ့ ကီတာတို့ဟာ အခု ရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။အဲဒါကြောင့် အန် ဖီးလ်ကလပ်ဟာ နွေရာသီမှာ ကစားသမားသစ်တွေ အားဖြည့်ရဖို့ ရှိနေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ အဓိကကစားသမားတွေ ဒဏ်ရာကြောင့် အနားယူနေရတာနဲ့အတူ ရလဒ် ကောင်းတွေရရှိဖို့ ရုန်းကန်ခဲ့ရပြီး အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာနဲ့ ၇ မှတ်ကွာဟနေတာပါ။ လီဗာပူးလ် အသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာ ဒါဝင်နူနက်ဇ်၊ ဂတ်ပိုတို့လို တိုက်စစ်ကစားသမားတွေကို အားဖြည့် ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က “ကျနော်တို့ဟာ ချန်ပီယံလိဂ်မှာ ၅ နှစ်ဆက်တိုက်ကစားခဲ့ပြီး ဗိုလ်လုပွဲကို ၃ ကြိမ်တက်နိုင်ခဲ့ပါတယ်။ ဒါတွေက ငွေကြေးအမြင်အရဆိုရင်တော့ ကြီးမားပါတယ်။ကျနော်တို့ဟာ မှန်ကန်တဲ့ ကစားသမားတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။အများကြီးခေါ်ယူသွားမှာမဟုတ်ဘဲ မှန်ကန်တဲ့ ကစားသမားတွေကိုပဲ ခေါ်ယူဖို့ လုပ်ဆောင်မှာပါ။ လီဗာပူးလ်အသင်းဟာ ငွေကြေးတွေကို အရမ်းကြီးသုံးစွဲမှာမဟုတ်ဘဲ ကျနော်တို့ရဲ့ အပြောင်းအရွှေ့တွေဟာ အမြဲတမ်းအမှတ်ရနေရပါမယ်” လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရဖို့ရှိနေတာဖြစ်ပါတယ်။

Source:BBC