CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၄

ကလောပ့်က လီဗာပူးလ်အသင်းနည်းပြအဖြစ် ဆက်ရှိနေတာက လက်ရှိပုံစံတွေထက် အတိတ်က အောင်မြင်မှု တွေကြောင့်လို့ ပြောလိုက်ပါတယ်။

ကလောပ့်က “ဒါကသာ ကျနော့်ရဲ့ ပထမဆုံးရာသီဖြစ်ခဲ့ရင်တော့ အနည်းငယ်တော့ ကွာခြားမှုရှိပါလိမ့်မယ်။ လီဗာပူးလ်အသင်းနည်းပြအဖြစ် ဆက်ရှိနေခဲ့တာကလည်း ဒီရာသီမှာ လုပ်ဆောင်ခဲ့တာတွေကြောင့်မဟုတ်ဘဲ အတိတ်က အောင်မြင်မှုတွေကြောင့်သာ ဒီနေရာမှာ ထိုင်နေရတယ်ဆိုတာကို ကျနော်သတိပြုမိပါတယ်။ ကျနော် တို့မှာ စမတ်ကျတဲ့ ပိုင်ရှင်တွေရှိပါတယ်။သူတို့ကလည်း ဒီအခြေအနေတွေကို သိတာကြောင့် ကျနော့်အတွက် ကြောက်နေစရာမလိုပါဘူး” လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာတို့ ရာထူး ကနေ ထုတ်ပယ်ခံရပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ နည်းပြထုတ်ပယ်မှု စံချိန်တင် ၁၂ ဦးအထိ ရှိလာခဲ့ ပါတယ်။လီဗာပူးလ်အသင်းကလည်း ဒီရာသီမှာ ရလဒ်တွေမကောင်းတာကြောင့် ကလောပ့်လက်ထက် အဆိုးရွား ဆုံးလိဂ် အဆင့်ရပ်တည်မှုနဲ့ အဆုံးသတ်မယ့် အခြေအနေမှာ ရှိနေတာပါ။

အသက် ၅၅ နှစ်အရွယ်ရှိ ကလောပ့်ဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်တဲ့ ၇ နှစ်ခွဲအတွင်းမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလားအားလုံးကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်အရေးနိမ့်ထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတာပါ။

ဒါဟာ ၂၀၁၅-၁၆ ရာသီက လီဗာပူးလ်အသင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှုအဆင့် အနေအထားဖြစ်ပြီး အဲဒီတုန်း က ကလောပ့်ဟာ ဘရန်ဒန်ရော်ဂျာဆီကနေ နည်းပြရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ၄ ရာသီအတွင်းမှာ ၃ ရာသီက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီမှာတော့ နှစ်ပေါင်း ၃၀ အကြာမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

ဒါပေမယ့် အခုနှစ်ရာသီမှာတော့ ထိပ်ဆုံးနေရာက ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ ရမှတ် ၃၀ ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၈ မှတ်ကွာဟနေတာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲတွေ အားလုံးကနေ ထွက်ခွာခဲ့ရပြီဖြစ်တာကြောင့် ဆုဖလားလက်မဲ့နဲ့ ရာသီအဆုံးသတ်မှာဖြစ်ပြီး အဓိကပစ်မှတ် ကတော့ အဆင့် ၄ အတွင်း ဝင်ရောက်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Source:BBC