CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂

အာဆင်နယ် ကစားသမားဟောင်း ရော်ဘတ်ပီးရတ်ဇ်က ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ဘတ်ပီကို ခန့်အပ်တာဟာ တိုက်စစ်မှူး ဂရစ်ဇ်မန်းအပေါ် လေးစားမှုမရှိကြောင်း ပြသတာလို့ ပြောလိုက် ပါတယ်။

ရော်ဘတ်ပီးရတ်ဇ်က “ဒါက ယုတ္တိတန်တဲ့ ရွေးချယ်မှုလား။ ရိုးရိုးသားသား ပြောရရင် ဒီလိုမဟုတ်ပါဘူး။ အသင်း ခေါင်းဆောင်ဖြစ်ဖို့ ဆန်ကာတင် စာရင်းမှာ ပါဝင်တဲ့ သူတွေထဲက ဂရစ်ဇ်မန်းဖြစ်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ကျနော်အံ့သြမိပါတယ်။ ဘတ်ပီကို ဆန့်ကျင်တာ ဘာမှမရှိဘူးလို့ အခိုင်အမာ ပြောနေရင်တောင် ဒါဟာ ဂရစ်ဇ်မန်းအပေါ် လေးစားမှု မရှိကြောင်း ပြသတယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့ပါတယ်။

ပြင်သစ်အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ဂိုးသမား လိုရစ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူခဲ့တာကြောင့် နည်းပြ ဒက်ချမ့်စ်ဟာ အသင်းခေါင်းဆောင်သစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ ဒက်ချမ့်စ်ဟာ ဘတ်ပီ၊ ဂရစ်ဇ်မန်းတို့နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ပြီးနောက် ဘတ်ပီကို အသင်း ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ကာ ဂရစ်ဇ်မန်းကို ဒုအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာပါ။

ဂရစ်ဇ်မန်းဟာ ဘတ်ပီထက် လက်ရွေးစင်အသင်းမှာ ကစားတာ ပိုပြီးသက်တမ်း ကြာပြီဖြစ်တဲ့အတွက် ဒီလို ရွေးချယ်မှုအပေါ် ဝေဖန်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီ အသင်းခေါင်းဆောင်အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုမှာ တာ၀န်ယူခဲ့စဉ်

ဂရစ်ဇ်မန်းဟာ ဘတ်ပီကို လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်တာကို စိတ်ပျက်နေပြီး ပြင်သစ်ကနေ အနားယူဖို့အထိ စဉ်းစားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့သေးပါတယ်။

ဘတ်ပီဟာ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးပေမယ့် ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင်နဲ့ ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒက်ချမ့်စ်ကတော့ ဘတ်ပီဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဖို့အတွက် ထူးချွန်တဲ့ အရည်အချင်းတွေ အားလုံး ရှိတယ်လို့ ပြောပါတယ်။

ဒက်ချမ့်စ်က “သူ့မှာ အရည်အချင်း တစ်ခုအပြင် အခြားအရည်အချင်းတွေလည်း အများကြီး ရှိပါတယ်။ သူဟာ တော်လည်းတော်သလို ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းပါတယ်။ ဒါဆိုရင်တော့ သူ့ကို အသင်း ခေါင်းဆောင်ခန့်တာက ပြဿနာလို့ မထင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် နယ်သာလန်၊ အိုင်ယာလန် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲတွေမှာ ဘတ်ပီဟာ အသင်းခေါင်းဆောင်အဖြစ် စတင် တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။

Source: Daily Mail