CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁

ဝက်စ်ဟမ်းအသင်း နည်းပြ ဒေးဗစ်မိုယတ်စ်က အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ယူနိုက်တက်နဲ့ တွေ့ဆုံရတာနဲ့ ပတ်သက်ပြီး အိုးထရက်ဖို့ဒ်ထက် ပိုပြီးကြီးမားတာ ဘာမှမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဒေးဗစ်မိုယတ်စ်က “ ကျနော်ဒီလိုပွဲမျိုးကို တကယ်စောင့်မျှော်နေတာပါ။ ကျနော်တို့ ဝက်စ်ဟမ်းအတွက် တကယ် ကောင်းတဲ့ပွဲလို့ ထင်ပါတယ်။ အိုးထရက်ဖို့ဒ်ထက် ပိုပြီးကြီးမားတာ ဘာမှမရှိပါဘူး။ ဒါကြောင့် ကစားသမားတွေ အနေနဲ့ အိုးထရက်ဖို့ဒ်ဆီ သွားပြီး သူတို့ကို စိန်ခေါ်မှုတွေ ပြုလုပ်ရမှာပါ”လို့ ပြောခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဟာ အက်ဖ်အေဖလား စတုတ္တအဆင့် ပွဲစဉ်အဖြစ် ဒါဘီအသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ပဉ္စမအဆင့်အတွက် မဲခွဲမှုတွေကို ပြုလုပ်ခဲ့တာမှာ ဝက်စ်ဟမ်းအသင်းဟာ ယူနိုက်တက်အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။

ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ နောက်ဆုံး ၇ နှစ်အတွင်း ၅ ကြိမ် မြောက် တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း ယှဉ်ပြိုင်နေစဉ်

ဒေးဗစ်မိုယက်စ်ဟာ ယူနိုက်တက်အသင်း နည်းပြအဖြစ် ၂၀၁၄ က ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ၁၀ လကြာ ကိုင်တွယ်ခဲ့ကာ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

ဒေးဗစ်မိုယတ်စ် ကတော့ ယူနိုက်တက်အသင်းဟာ အခုအချိန်မှာ အကောင်းဆုံးပုံစံ ရနေပေမယ့် သူတို့အနေနဲ့ နောက်တစ်ဆင့် တက်နိုင်အောင် လုပ်ဆောင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဒေးဗစ်မိုယတ်စ်က “ယူနိုက်တက်အသင်းဟာ ကစားပုံကောင်းမွန်နေပြီး နည်းပြကလည်း ကောင်းမွန်စွာ လုပ်ဆောင် နေပါတယ်။ ဒါကြောင့် ပွဲဟာ ခက်ခက်ခဲခဲ ကစားနေရပါတယ်။ ဒါပေမယ့် ဘာကြောင့် ကျနော်တို့ မလုပ်နိုင်ရမှာလဲ။ ဖလားဗိုလ်လုပွဲကို ရောက်ချင်တယ်ဆိုရင်တော့ ပိုကြီးမားတဲ့ အသင်းတွေကို ဖြတ်ကျော်ဖို့ နည်းလမ်းရှာဖွေ ရမှာဖြစ်တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း အသင်းတို့ဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တွေ့ဆုံထားခဲ့တာမှာ ယူနိုက် တက်က ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာပါ။

လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်က အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဝက်စ်ဟမ်းအသင်းက အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail