CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆

ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲအဖြစ် ရီးရယ်လ်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို ဂါဗီ၊ လီဝန်ဒေါစကီးနဲ့ ပီဒရီတို့က သွင်းယူခဲ့တာဖြစ်ပြီး ရီးရယ်လ်အတွက် ချေပဂိုးကို ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဘန်ဇီမာက သွင်းယူခဲ့တာပါ။ စပိန်စူပါဖလားဟာ ဇာဗီ အတွက်တော့ ဘာစီလိုနာနည်းပြဘ၀ ပထမဆုံးရယူနိုင်ခဲ့တဲ့ ဆုဖလားလည်းဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်း ဟာ စပိန်စူပါဖလားကို ၂၀၁၈ က နောက်ဆုံးရယူခဲ့တာကြောင့် ၅ နှစ်အကြာမှ ပထမဆုံးအကြိမ် ဒီဆုဖလားကို ပြန်လည်ရယူနိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဒီပွဲအနိုင်ရခဲ့တာကြောင့် သူ့ရဲ့ ကစားသမားတွေဟာ မျှတမှုမရှိတဲ့ ဝေဖန်မှု တွေကနေ လွတ်မြောက်လာခဲ့ပြီလို့ ပြောခဲ့ပါတယ်။

ဇာဗီက “ကျနော်တို့မှာ တကယ်ကိုကောင်းမွန်တဲ့ မျိုးဆက်တွေရှိပြီး ဆုဖလားရဖို့အတွက် သူတို့ရဲ့ ဆာလောင်မှု တွေကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ကစားသမားတွေအတွက် ကျနော်ပျော်ရွှင်ပါတယ်။ သူတို့တွေဟာ မျှတမှုမရှိတဲ့ ဝေဖန်မှုတွေ အများကြီး ခံထားရပြီးပါပြီ။ဒီနေ့မှာတော့ သူတို့တွေ လွတ်မြောက်သွားခဲ့ပါပြီ။ ဒီဆုဖလားဟာ ပရိသတ်တွေအတွက်လည်း အရေးပါတယ်။မကြာသေးခင်က နှစ်တွေမှာ မက်ဆီထွက်ခွာသွားမှု၊ ဘဏ္ဍာရေး အခက်အခဲစတာတွေကို မြင်တွေ့ခဲ့ရပါတယ်။ဒါက အားလုံးရဲ့ ပထမဆုဖလားဖြစ်မယ်လို့ ထင်ကြောင်း” ပြောခဲ့ တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်က ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် ဒီရာသီမှာ လီဝန်ဒေါစကီးအပါအဝင် ကစားသမားတချို့ကို အားဖြည့်ခဲ့ပြီး အသင်းကို ပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စပိန်ကလပ်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် နောက်ပိုင်းမှာ ရလဒ်ပိုင်းတွေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး စပိန်လာလီဂါ အမှတ်ပေးဇယားမှာ ရီးရယ်လ်အသင်းထက် ၃ မှတ်အသာရကာ ရပ်တည်နေတာပါ။

ဘာစီလိုနာအသင်းဟာ ကြားရက်မှာ ကိုပါဒယ်ရေးဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် အေဒီဆူတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ဂီတာဖေးနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Espn