CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၂၀
စင်ကာပူနိုင်ငံတွင် လူထုအတွင်း ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်နှင့်အတူနေထိုင်ရန် COVID-19 စည်းမျဉ်းများနှင့် အတူ အဆင့် ၄ ဆင့်ပါအစီအစဉ်ချမှတ်လျက် ကန့်သတ်ထားမှုများကို ထပ်မံဖြေလျော့လိုက်ပြီဖြစ်၍ အိမ်မှ အလုပ်လုပ်ပေးနေရသူ (Work from Home) အားလုံး၏ ထက်ဝက်ခန့်သည် ဩဂုတ်လ ၁၉ ရက်မှ စတင်ပြီး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း todayonlie.com က ရေးသားဖော်ပြသည်။
မီဒီယာများ၏မေးမြန်းချက်များကို စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ဖြေကြားရာတွင် အစိုးရ၏ COVID-19 တာဝန်ပေးထားသောအဖွဲ့သည် ဩဂုတ် ၆ ရက်တွင် သတိပေးကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ပြီးနောက် ဩဂုတ် ၁၈ ရက် ညနေအထိ အခြေအနေဆက်လက်တည်ငြိမ်နေသည့်အတွက် Covid-19 ကန့်သတ်ချက်များ ပြန်လည်ဖြေလျော့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ဖြေကြားခဲ့သည်။
သို့ဖြစ်၍ ဩဂုတ် ၁၉ နောက်ပိုင်း၌ ကန့်သတ်ချက်အစီအမံများကို ပိုမိုဖြေလျော့ပေးမည်ဖြစ်သော်လည်း စားသောက်ဆိုင်များတွင် ညစာဝိုင်းဖွဲ့စားသောက်ခြင်း၊ နာရေးလိုက်ပါပို့ဆောင်ခြင်း၊ မင်္ဂလာဆောင်များ၊ အုပ်စုဖွဲ့အားကစားလေ့ကျင့်ခြင်းနှင့်ပတ်သက်သည့် ကန့်သတ်ချက်များမှာမူ အပြောင်းအလဲမရှိသေးပေ။
စင်ကာပူနိုင်ငံတွင် ဩဂုတ်လ ၆ ရက်က ပြန်လည်ပြင်ဆင်ထားသော နည်းဥပဒေများကို ကြေညာလိုက်ချိန်တွင် အထူးကြပ်မတ်ကုသဆောင်၌ စိုးရိမ်ရသည့်အခြေအနေရှိသော ကိုဗစ်လူနာဦးရေမှာ ၄ ဦးနှင့် ၁၁ ဦးကြားတွင် ရှိခဲ့ပြီး ရောဂါဖြစ်ပွားသူ ၆ ဦး သေဆုံးခဲ့သည်။ ဩဂုတ် ၆ ရက်က ဖြစ်ပွားသူအသစ်နေ့စဉ်စာရင်းမှာ ၁၂၆ ဦးရှိခဲ့ရာမှ ဩဂုတ် ၁၈ ရက်တွင် ၈၇ ဦးအထိ ကျဆင်းသွားခဲ့သည်။ လူနေရပ်ကွက်များအတွင်း ဖြစ်ပွားမှုမှာလည်း ဩဂုတ် ၆ ရက်က ၄၄၈ ဦးရှိခဲ့ရာမှ ၃၁၆ ဦးအထိ လျော့ပါးခဲ့သည်။
Source: todayonline.com
#စင်ကာပူ
#ကိုဗစ်
#Covid-19
#ဥပဒေ
#စည်းမျဉ်း
#cninews
#CNIMyanmar
#ChannelNewsIndependent