CNI News

စင်ကာပူ ဇူလိုင် ၁၄

covid-19 အခြေအနေ ဆိုးရွားလာမှုကြောင့် ပြီးခဲ့သည့် ၂၁ ရက်အတွင်း မြန်မာနိုင်ငံသို့ သွားလာခဲ့ဖူးသော ခရီးသွား ရာဇဝင်ရှိသည့် ကာလတိုခရီးသွား ဧည့်သည်များနှင့် ကာလရှည် နေထိုင်သူအားလုံးကို စင်ကာပူနိုင်ငံ အတွင်းသို့ ပြည်ဝင်ခွင့်(သို့မဟုတ်)ဖြတ်သန်းခွင့် ရပ်ဆိုင်းလိုက်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်၊ ယနေ့ ကြေညာ လိုက်သည်ဟု CNA သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယင်းကန့်သတ်ချက်သည် ဇူလိုင် ၁၅ ရက်၊ စင်ကာပူစံတော်ချိန် ည ၁၁း၅၉ နာရီမိနစ်မှ နောက်ထပ် ထုတ်ပြန် ချက် မထွက်ပေါ်သည်အထိ သက်ရောက်မှုရှိကြောင်း၊ ၂၁ ရက်အတွင်း မြန်မာနိုင်ငံမှ ဖြတ်သန်းလျက် စင်ကာပူ နိုင်ငံသို့ ပြည်ဝင်ခွင့် ကြိုတင်ရယူထားသည့် ခရီးသွားများနှင့်လည်း သက်ဆိုင်ကြောင်း သိရသည်။

မကြာသေးမီက မြန်မာနိုင်ငံသို့ ခရီးသွားရာဇဝင်ရှိသူများကိုလည်း ဆိုက်ရောက်ချိန်တွင် antigen အမြန်စစ်ဆေး ရန် တင်းကျပ်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့ ၁၄ ရက်ကြာ နေထိုင်ခွင့် အသိပေး အကြောင်းကြားခြင်း ဝတ္တရားမှာ ဆက်လက်တည်ရှိနေကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ထိုသတ်မှတ်များတွင် အထူး သီးသန့် အဆောက်အဦများတွင် နေထိုင်ခြင်းအတွက် အသိပေးခြင်း၊ ဆိုက်ရောက်ချိန်တွင် covid-19 စစ်ဆေးခံ ယူခြင်းနှင့် ဆိုက်ရောက်ပြီးနောက် ၃ ရက်၊ ၇ ရက်၊ ၁၁ ရက်နှင့် ၁၄ ရက်များတွင် စစ်ဆေးတို့လည်း အကျုံးဝင် သည်ဟု CNA က ဆက်လက် ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံသည် မကြာသေးမီရက်ပိုင်းအတွင်း covid-19 တတိယလှိုင်း စံချိန်တင် ကူးစက်ခံနေရသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုအသစ် ၅,၀၁၄ မှုရှိခဲ့ပြီး နောက်တစ်ရက် ဇူလိုင် ၁၃ ရက်၊ ယမန်နေ့ကဆိုလျှင် ဖြစ်ပွားမှုအသစ် ၄,၀၄၇ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ပြန် ထားသည်။ မြန်မာတစ်နိုင်ငံလုံး စုစုပေါင်း အတည်ပြုဖြစ်ပွားသူ ၂၀၁,၂၇၄ ဦးရှိပြီး ၄,၀၃၆ ဦးမှာ သေဆုံးခဲ့ပြီး ဖြစ်သည်။