CNI News
တိုကျို၊ဩဂုတ် ၂၄
ကိုဗစ်နိုင်တင်း ကပ်ရောဂါဖိစီးနှိပ်စက်မှုကြောင့် ကြွေလွင့်သွားခဲ့ရရှာတဲ့ အနုပညာကြယ်ပွင့်တွေစာရင်းမှာ ဂျပန် စတန့်နဲ့ အက်ရှင်မင်းသားကြီး ဆန်နီချီးဘား(Sonny Chiba)လည်း ပါဝင်သွားခဲ့ပါပြီ။ ဆန်နီချီးဘား ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဂျပန်နိုင်ငံ၊ ကီမတ်စုမြို့တွင် ကွယ်လွန်သွားခဲ့တာပါ။
Shinichia Chiba (သို့မဟုတ်) Sonny Chiba လို့ ပရိသတ်တွေ သိကြတဲ့ ချီးဘားဟာ ဩဂုတ်လ ၈ ရက် ကတည်းက တိုကျိုမြို့အနီးက ဆေးရုံတစ်ရုံမှာ တက်ရောက်ပြီး ကုသမှုခံယူနေရင်း ဩဂုတ် ၁၉ ရက် ညနေပိုင်းမှာ ကွယ်လွန်သွားခဲ့တာလို့ သူ့ရဲ့တိုကျိုအခြေစိုက် မန်နေဂျာရုံးဖြစ်တဲ့ အက်စတောရီးယားရဲ့ အတည်ပြုချက်ကို အေပီသတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။ ချီးဘားဟာ ကိုဗစ်ကာကွယ်ဆေးလည်း ထိုးထားခြင်းမရှိဘူးလို့ အေပီကဆက်လက်ရေးသားထားပါတယ်။
ဆန်နီဟာ ‘Kill Bill’ အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ ကျော်တို့တွင် သူ့ရဲ့ကိုယ်ခံပညာစွမ်းရည်နဲ့ ကမ္ဘာ့ ရုပ်ရှင်ပရိသတ်တွေကို အံ့အားသင့်စရာ ဆွဲဆောင်မှုကောင်းခဲ့တဲ့ စတန့်နဲ့အက်ရှင်မင်းသားကြီးဖြစ်ပြီး သည်းထိတ်ရင်ဖို ဖိုက်တင်ဇာတ်ဝင်ခန်းတွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
ဆန်နီချီးဘားဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေက ဂျပန်ရုပ်ရှင်လောကမှာ ကျော်ကြားလာခဲ့ပြီး ဆာမူရိုင်းများ၊ တိုက်ခိုက်ရေးသမားများ၊ နင်ဂျာနဲ့ ရဲထောက်လှမ်းရေး သရုပ်ဖော်အက်ရှင်ဇာတ်ကြမ်းတွေကြောင့် ပရိသတ်များရဲ့ သဘောကျနှစ်ခြိုက်မှုကို ခံယူရရှိခဲ့ပါတယ်။ သူ့ရဲ့စတန့်ပြကွက်တွေကို သူကိုယ်တိုင် ဖန်တီးပြုလုပ်ပြီး သရုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
၁၉၇၀ ပြည့်နှစ်တွေမှာ ချီးဘားခေါင်းဆောင်ပါဝင်တဲ့ ဂျပန်ရုပ်ရှင် ‘The Street Fighter’ ဟာ အမေရိကန်နိုင်ငံမှာ လူကြိုက်များလာခဲ့ပါတယ်။ အမေရိကန်ဒါရိုက်တာ ကွင်တင်းတာရန်တီနို (Quentin Tarantino) က အဲဒီရုပ်ရှင်ဇာတ်ကားအောင်မြင်မှုကို တန်ဖိုးနည်းရုံတင်စာရင်းထဲတွင် သူ့အကြိုက်ဆုံးဇာတ်ကားအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ဒါရိုက်တာ တာရန်တီနိုက ချီးဘားကို လျှမ်းလျှမ်းတောက်ဖြစ်လာစေမယ့် ‘Kill Bill’ ဇာတ်ကားမှာ ဓားသမား ဟာတိုရီဟန်ဇို ဇာတ်ကောင်စရိုက်နဲ့ ရိုက်ကူးပေးလိုက်တဲ့အခါမှာတော့ ကမ္ဘာ့ရုပ်ရှင်ချစ်သူတွေကြားမှာ ချီးဘားဟာ သည်းသည်းလှုပ် အားပေးမှု ရရှိသွားပါတော့တယ်။
အသက်ကြီးရင့်လာချိန်မှာ ချီးဘားဟာ ၁၉၉၁ ခုနှစ် ဒါရိုက်တာ ဂျွန်ဂလင်းရဲ့ ဟောလိဝုဒ်ရုပ်ရှင် ‘Aces’ ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ဟောင်ကောင်ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ဖိုက်တင်ခန်းတွေသရုပ်ဆောင်ရာမှာ ချီးဘားဟာ ဘရုစလီထက် ပိုပြီး ရမ်းကားတယ်လို့ ရုပ်ရှင်ဝေဖန်ရေးသမား တွေက ပြောကြပေမယ့် တရုတ်ကွန်ဖူးမင်းသား ဘရုစလီကို ကမ္ဘာ့ပရိသတ်တွေ လက်ခံခဲ့သလို ဂျပန်မင်းသား ချီးဘားရဲ့ ဓါးတိုက်ကွက်ဖိုက်တင်အက်ရှင်တွေကိုလည်း ကမ္ဘာက နှစ်ထောင်းအားရဖြစ်ခဲ့တာ အမှန်ပဲဖြစ်ပါတယ်။
ချီးဘားကို ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ဖူကူအိုကာမြို့မှာ ၁၉၃၉ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ နိပွန် အားကစား သိပ္ပံနှင့်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ကရာတေးကိုယ်ခံပညာမှာ စတုတ္ထအဆင့်ခါးပတ်နက် ရရှိခဲ့ပါတယ်။
ရုပ်ရှင်နယ်ပယ်မှာ အောင်မြင်မှုသရဖူဆောင်းခဲ့ပြီးနောက် ချီးဘားဟာ ၁၉၈၀ ပြည့်နှစ်မှာ ဂျပန်အက်ရှင်ကလပ်ကို တည်ထောင်ခဲ့ပြီး အဲဒီကလပ်ကနေ နာမည်ကျော် ‘The Last Samurai’ နဲ့ ‘Rush Hour 3’ စတဲ့ဇာတ်ကားတို့မှ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဟီရိုယူကီစာနာဒါအပါအဝင် မျိုးဆက်သစ်သရုပ်ဆောင်တွေကို မွေးထုတ်ပေး နိုင်ခဲ့ပါတယ်။
ချီးဘားကွယ်လွန်ချိန်မှာတော့ သားသမီး ၃ ယောက်ဖြစ်ကြတဲ့ ဂျူရီမနာစီ၊ မက်ကန်ယုအရာတာနဲ့ ဂေါ်ဒန် မီယာဒါတို့ ကျန်ရစ်ခဲ့ကြပါတယ်။
ကပ်ရောဂါကြောင့် ချီးဘားရဲ့ဈာပနကို အကျယ်မချဲ့တော့ဘဲ မိသားစုဝင်တွေနဲ့ပဲ ဝန်းရံလိုက်ပါ ပို့ဆောင်ကြတယ် လို့ အေပီသတင်းအရ သိရပါတယ်။