CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၃

အဆိုတော် စိုင်းထီးဆိုင် ရေးသားခဲ့သော တေးသီချင်းများကို Cover Song အနေဖြင့် သီဆိုခွင့် ပြုမှာ မဟုတ်ကြောင်း သမီးဖြစ်သူ Hseng Sam က သူ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ရေးသား၍ တရားဝင် ပြောကြားခဲ့သည်။

Hseng Sam က “ကျမရဲ့ အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သော တေးသီချင်းများကို Cover Song အနေဖြင့် သီဆိုခွင့်ပြုမှာ မဟုတ်ပါကြောင်း၊ ပရိသတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ Piano ဖြင့်ဖြစ်စေ ကိုယ်တိုင် တီးဆိုပြီး Facebook တင်ခြင်းမှလွဲ၍ ခွင့်မပြုပါ”ဟု ပြောသည်။

ထို့နောက် Studio တွင် တီးခတ်အသံသွင်း MV၊ Lyric Video များ ပြုလုပ်၍ Facebook၊ YouTube နှင့် အခြား Social Media များတွင် ခွင့်မတောင်းပဲ အသုံးပြု သီဆိုခွင့် တင်ခွင့်မရှိကြောင်း၊ တင်ထားပြီးသား ရှိနေခဲ့ရင်လည်း ပြန်လည် ဖြုတ်ချပေးလိုကြောင်း Hseng Sam က ရေးသားဖော်ပြထားသည်။

ဆက်လက် တွေ့ရှိနေရပါက တရားဥပဒေအရ အရေးယူမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

စိုင်းထီးဆိုင်သည် ရှမ်းတိုင်းရင်းသား အဆိုတော်ဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားများ၏ အငွေ့အသက်များ အပါအဝင် လူမှုဘဝနှင့် နီးစပ်သော သီချင်းများကို သီဆိုခဲ့သူဖြစ်ပြီး နိုင်ငံတဝန်း လူကြိုက်များလှသည့် အဆိုတော် တစ်ဦးဖြစ်သည်။