CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းရှိ လုံခြုံရေးအရ ပိတ်ထားရသော စာသင်ကျောင်း များအားလုံး ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဟု အင်းတော်ကြီးဒေသခံများထံမှ သိရသည်။
အင်းတော်ကြီးဒေသအတွင်းရှိ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး ဒေသခံ ရပ်မိရပ်ဖများ၊ မြို့နယ်ပညာ ရေးမှူးများနှင့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် အင်းတော်ကြီးဒေသ နေရာ အများအပြားကို ထိန်းချုပ်ထားသည့် KIA-PDF ပူးပေါင်းတပ်များနှင့် ဒေသခံ များ တွေ့ဆုံ၍ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး အပါအဝင် ကလေးများ၏ ကျောင်းပညာရေးကို မနှောင့်ယှက် ရန်နှင့် ဆရာ/ဆရာမများကို ထိခိုက်မှု မရှိစေရေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
အင်းတော်ကြီးဒေသတွင် စာသင်ကျောင်းပေါင်း ၅၄ ကျောင်းရှိပြီး ပြီးခဲ့သည့်နှစ်တွင် ၇ ကျောင်းသာ မဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ ယခုနှစ်တွင် အားလုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ ဖွင့်လှစ်ရန် အဆင့်သင့် ဖြစ်နေပြီဖြစ် ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ကျောင်းဖွင့်နိုင် ရေး ဒေသခံများနဲ့ ဆွေးနွေးနေစဉ်
၎င်းက “ဒီနှစ်မှာတော့ အားလုံးဖွင့်နိုင်အောင် ကြိုးစားနေပါတယ်၊ ဒေသခံတွေ အကုန်လုံး ကြိုးစားနေပါတယ်။ မနှစ်တုန်းက မဖွင့်နိုင်တဲ့ ကျောင်းတွေကအစ ဒေသခံပြည်သူလူထု အနေနဲ့ အကုန်ဖွင့်နိုင်အောင် ကြိုးစားနေကြ တာ အားလုံးက အဆင်ပြေ ချောမွေ့စွာနဲ့ နားလည်မှု ရထားပြီးသား ဖြစ်ပါတယ်ဗျ။ ကျောင်းဖွင့်ဖို့ အတွက်ကို အရန်သင့် ဖြစ်နေပါပြီ။ ဒေသခံ ပြည်သူလူထု အနေနဲ့ကတော့ ကိုယ့်ဒေသ စာသင်ကျောင်း ဖွင့်လှစ်နိုင်ရေး အတွက်ကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့အခါမှာ အဲဒီဒေသမှာ တာဝန်ကျပြီး မသွားချင်တဲ့ ဆရာမ တစ်ဦး နှစ်ဦးရဲ့ သဘောထားကို သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကနေမှ ထုတ်ပြန်တာတော့ သိပ်ပြီးတော့ မသင့်တယ်ဘူးလို့ ကျနော် မြင်တယ်” ဟု ပြောသည်။
တစ်ဖက်တွင်လည်း အင်းတော်ကြီးဒေသအတွင်း တာဝန်ကျ ဆရာ/ဆရာမများ တိုက်ခိုက်ခံရမှု၊ စာသင်ကျောင်းကို ဒရုန်းဗုံး ကျရောက် ပေါက်ကွဲမှုများသည် ပြီးခဲ့သည့် စာသင်နှစ်များတွင် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် ဆရာ/ ဆရာမ အပါအဝင် ကျောင်းသား/ကျောင်းသူများ ထိခိုက်သေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ အပါအဝင် တိုင်းမှူးများကို လိပ်မူ၍ ယင်းဒေသများသို့ ဆရာ/ဆရာမများ စေလွှတ်ခြင်းကို ချင့်ချိန် စဉ်းစားရန် တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်အေးက CNI သတင်းဌာနသို့ ပြောသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ပထမ ဆရာတစ်ယောက် အသတ်ခံရတယ်။ ဒုတိယ ကျောင်းသားလေးနှစ်ယောက် အသတ်ခံရတယ်။ တတိယက ကျနော်တို့ နန့်မွန်းမြို့ပေါ့နော်၊ အင်းတော်ကြီး နန့်မွန်းမြို့မှာ အထကကျောင်းကို ဒရုန်းဗုံးချတယ်။ ကျောင်းသား/ကျောင်းသူ ၁၁ ယောက်ပေါ့နော်။ အဲဒီမှတ်တမ်းကတော့ ကျနော်တို့ဆီမှာရှိတယ်။ အရေအတွက်နဲ့ နာမည်ကတော့။ အဲဒါတွေကို အခြေပြုပြီးတော့ သူတို့သည် ဥပဒေမဲ့ လုပ်ဆောင်တတ်တဲ့ အကျင့် ရှိတယ်။ အရင် တုန်းက ဆရာ/ဆရာမတွေလည်း ငါတို့ CDM လုပ်ပြီးတော့ မင်းတို့လိုပဲ ငါတို့ကျောင်း ဆရာ/ဆရာမတွေ အများ ကြီး ရှိတယ်။ ငါတို့တောင်မှ CDM လုပ်သေးတာ။ မင်းတို့က ဘာလို့ CDM မလုပ်တာလဲ။ ငါတို့ကို မသနားဘူးလား ဆိုတဲ့ စကားသံတွေ ထွက်လာတယ်လေ။ အဲဒါကြောင့်မို့လို့ သူတို့ ဥပဒေမဲ့နေရာမှာ ကျနော်တို့ Non-CDM ဆရာမ တွေသွားရင် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ ရှိနိုင်တယ်လို့ ကျနော်တို့က အဲဒီလောက်ပဲ ရေးတင်ထားတာဗျ” ဟု ပြောသည်။
အင်းတော်ကြီးဒေသအတွင်းရှိ စာသင်ကျောင်း အားလုံးနီးပါးတွင် ဆရာ/ဆရာမ လိုအပ်ချက် ဖြစ်ပေါ်နေပြီး သက်ဆိုင်ရာ ပညာရေးမှူးရုံးထံသို့ ဆရာ/ဆရာမ ချပေးရန် ဒေသခံများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံပါတီများမှ တောင်းဆိုထားကြောင်း သိရသည်။
လက်ရှိ ချီဖွေနှင့် ပူတာအို အပါအဝင် တခြားသော ဒေသများသို့ သွားရောက် တာဝန် ထမ်းဆောင်နေကြရသည့် အင်းတော်ကြီးဒေသမှ ဆရာ/ဆရာမများကို အင်းတော်ကြီးဒေသအတွင်းသို့ ပြန်လည် နေရာချပေးမည်ဆိုပါက အင်းတော်ကြီးဒေသအတွက် ဆရာ/ဆရာမ လိုအပ်ချက်ကို ပြေလည်စေမည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောသည်။
လတ်တလောမှာတော့ အင်းတော်ကြီးဒေသအတွက် လိုအပ်နေသည့် ဆရာ/ဆရာမ နေရာတွင် အင်းတော်ကြီး ဒေသအတွင်းရှိ ပညာတတ် ဒေသခံများမှ ဝိုင်းဝန်းကူညီ သင်ကြားပေးမည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှုကို မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်၍ လက်ခံခဲ့ပြီး ဇွန်လ ၁ ရက်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ခဲ့သည်။
