CNI International News

နယူးဒေလီ၊ ဩဂုတ် ၂၅

ဝန်ကြီးချုပ် နရိန္ဒရာမိုဒီနှင့် နီးစပ်သည့် အိန္ဒိယဘီလီယံနာ သူဌေးတစ်ဦးသည် ရုပ်သံထုတ်လွှင့်ရေး လုပ်ငန်းတစ်ခု ကို ဝယ်ယူရန် ကြိုးစားလာကြောင်း တွေ့ရသဖြင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သော အိန္ဒိယတွင် မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ စိုးရိမ်စရာဖြစ်လာကြောင်း ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။

မိုဒီ အစိုးရလက်ထက်တွင် အိန္ဒိယသည် နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ သတင်းလွတ်လပ်ခွင့်အဆင့် ၁၈၀ အနက် အဆင့် ၁၀ တွင် ရပ်တည်နိုင်ခဲ့သည်။

သို့သော် ဝေဖန်ထောက်ပြသည့် သတင်းထောက်များကို အကျဉ်းထောင် သံတိုင်နောက်တွင် မကြာခဏ တွေ့ရလေ့ရှိသည့်အပြင် အာဏာရ ဘယာတိယဂျနကာပါတီ (BJP) ပါတီကို ထောက်ခံသူများက သတင်းမီဒီယာများကို လူမှုကွန်ရက်ပေါ်တွင် လှောင်ပြောင် သရော်မှုများ ရှိခဲ့သည်။

ဘီလီယံနာသူဌေးကြီး ဂွါတမ်အဒါနီ (Reuters)

ဩစတြေးလျ ကျောက်မီးသွေး တွင်းများမှ အိန္ဒိယ၏ ကုန်တင်ကုန်ချ အများဆုံး ဆိပ်ကမ်းများအထိ စိတ်ဝင်စားမှု ရှိပြီး အာရှ၌ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သော ဂွါတမ်အဒါနီ (Gautam Adani) သည် ၎င်း၏ကုမ္ပဏီအနေဖြင့် နယူးဒေလီ ရုပ်သံလိုင်း တစ်လိုင်းဖြစ်သော (NDTV) တွင် ရှယ်ယာ ၂၉ ရာခိုင်နှုန်းကို သွယ်ဝိုက်ရယူခဲ့ကြောင်း၊ နောက်ထပ် ရှယ်ယာ ၂၆ ရာခိုင်နှုန်းကိုလည်း လေလံဆွဲခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါ အပြောင်းအလဲသည် မိမိတို့ရုပ်သံလွှင့်ဌာန NDTV နှင့် ဆွေးနွေးခြင်းမရှိ (သို့မဟုတ်) NDTV လုပ်ငန်း တည်ထောင်သူများဖြစ်ကြသည့် သတင်းစာဆရာ ရာဒီကာရွိုင် (Radhika Roy) နှင့် စီးပွားရေးပညာရှင် ပရန်နွိုင်းရွိုင် (Prannoy Roy) တို့၏ သဘောတူညီချက် မပါဝင်ကြောင်း NDTV က ဆက်လက် ကြေညာခဲ့သည်။

အဆိုပါ ရုပ်သံလွှင့်ဌာန၏ ချန်နယ်နှစ်ခုဖြစ်သော ဟိန္ဒီဘာသာဖြင့် လိုင်းတစ်လိုင်းနှင့် အင်္ဂလိပ်ဘာသာဖြင့် လိုင်း တစ်လိုင်းတို့မှာ အိန္ဒိယနိုင်ငံအတွင်း သတင်းမီဒီယာ လုပ်ငန်းများအကြား အစိုးရကို ဝေဖန်ခြင်းနှင့် သတင်း တင်ဆက်မှု ထက်မြက်စူးရှခြင်းတို့ကြောင့် အထူးထင်ရှားသည်။

အိန္ဒိယ သတင်းထုတ်လွှင့်နေမှု ကြည့်နေစဉ် (Reuters)

ထိုသို့ သတင်းတင်ဆက်သည့် အလေ့အထကြောင့် လုပ်ငန်းပိုင်ရှင်များအနေဖြင့် NDTV သည် တရားရေးဆိုင်ရာ အမှုအခင်းများစွာတို့ကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ယခုသတင်းကို ဖတ်ကြား ကြေညာခဲ့ပြီးနောက် မိမိအနေဖြင့် သတင်းခန်းထဲ၌ တုန်လှုပ်မိပြီး မယုံကြည်နိုင် လောက်အောင် ဖြစ်ရကြောင်း NDTV ဝန်ထမ်းတစ်ဦးက AFP သတင်းဌာနသို့ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

“အခုလို အသိမ်းခံရတဲ့အတွက် တခြား သတင်းဌာနတွေကနေပဲ ကျနော်တို့ဟာ အလင်းအမှောင်ကို သိရတော့မှာ ဖြစ်လို့ ငရဲရောက်သွားသလိုပါပဲ” ဟု အမည်မဖော်လိုသူ အဆိုပါဝန်ထမ်းက ရင်ဖွင့်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် သတင်းမီဒီယာသမားများအတွက် နေရာဟူ၍ ပြီးခဲ့သည့် နှစ်အတွင်း သိသိသာသာ ကျုံ့ဝင် ကျဆင်း သွားခဲ့ကြောင်း သတင်းလွတ်လပ်ခွင့်ကို ထောက်ခံအားပေးသည့် Free Speech Collective အဖွဲ့ကို တည်ထောင်သူ ဂီးတာစီရှူ (Geeta Seshu) က ပြောကြားခဲ့သည်။

Source: Aljazeera