CNI International News

ကိယက်ဗ်၊ ဩဂုတ် ၁၃

အာဖရိကတိုက်ရှိ အီသီယိုးပီးယားနိုင်ငံမှ အငတ်ဘေး ဆိုက်ရောက် နေသူများအတွက် ဂျုံများကို စတင် သယ်ဆောင်ရန် ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းသို့ ဩဂုတ် ၁၂ ရက်တွင် သင်္ဘောတစ်စင်း ဆိုက်ကပ်ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ရုရှား၏ ကျူးကျော်စစ်အတွင်း ယူကရိန်း ဆိပ်ကမ်းများကို ရုရှားပိတ်ဆို့ ထားခြင်းကြောင့်ဖြစ်ပြီး ယူကရိန်း ပြည်တွင်း၌ ဂျုံစပါးများမှာ သိုလှောင်ကန်များတွင် သောင်တင်နေခဲ့သည်။

လအတန်ကြာ ဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲကြောင့် ဆိပ်ကမ်းများကို ရုရှား ပိတ်ဆို့ထား၍ ကမ္ဘာ့စားနပ်ရိက္ခာအတွက် အ‌ရေးပါသော ပေါင်မုန့်အတွက် ယူကရိန်းဂျုံများမှာ ပြည်တွင်းရှိ သိုလှောင်ကန် (Silo) များထဲတွင် သောင်တင်လျက် စုပုံနေခဲ့သည်။

ထို့ကြောင့် ကမ္ဘာ့ဈေးကွက်ထဲ စားနပ်ရိက္ခာဈေးနှုန်းများ တက်လာခဲ့ပြီး အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတို့တွင်ပါ ငတ်မွတ်ခေါင်းပါးမှု ဖြစ်လာခဲ့သည်။

ယူကရိန်းအလံကို ပင်လယ်နက်ဆိပ်ကမ်းတစ်ခုမှာ လွှင့်ထူထား(AP)

မကြာသေးမီ ရက်များအတွင်း ဂျုံစပါးတင်ဆောင်သည့် သင်္ဘောအများအပြားသည် စာချုပ်သစ်အရ ယူကရိန်း၊ ပင်လယ်နက် ဆိပ်ကမ်းများသို့ ဦးတည် ထွက်ခွာခဲ့ကြသော်လည်း တင်ပို့ကုန်အများစုမှာ တိရစ္ဆာန်အစာသာ ဖြစ်နေပြီး ယခင်စာချုပ်များအရ တူရကီ (သို့မဟုတ်) အနောက်ဥရောပသို့လည်း လမ်းကြောင်း ခွဲထွက်သွားကြသည်။

ယခုရက်ပိုင်း၌ Brave Commander အမည်ရှိသင်္ဘောသည် ဂျုံများကို တင်ဆောင်လျက် အာဖရိကဦးချိုဒေသရှိ အီသီပီးယား နိုင်ငံသို့ ပို့ဆောင်မည်ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ် (Stephane Dujarric) က ပြောကြားခဲ့သည်။

မိုးခေါင်ရေရှား၍ အငတ်ဘေး ခြိမ်းခြောက်မှုဒဏ် ခံစားနေရသော အီသီယိုးပီးယားရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ လှုပ်ရှား လည်ပတ်မှုများကို ယခုဂျုံစပါးသင်္ဘောက အထောက်အကူပြုသွားမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားစစ်တပ် ရေကြောင်းစိုးမိုးထား (GETTY IMAGES)

“ကမ္ဘာ့ဈေးကွက်မှာ ယူကရိန်းကောက်ပဲသီးနှံနဲ့ စားနပ်ရိက္ခာတွေ လုံးဝပြတ်တောက်လု နီးပါးအချိန်မှာ ငတ်မွတ်မှုပမာဏ တက်လာနေတဲ့ မိသားစုအတွက် ဘဝရှင်သန်ရေး ခက်ခဲနေကြပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ သင်္ဘောသည် ကုန်တန်ချိန် မက်ထရစ်တန်ပေါင်း ၂၃,၀၀၀ ကျော် တင်ဆောင်နိုင်မည်ဟု‌ မျှော်မှန်းထားကြေင်း ယူကရိန်းအစိုးရ၊ အခြေခံ အဆောက်အဦးဆိုင်ရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုအချိန်အထိ ယူကရိန်းတွင် ဂျုံစပါးတန်ချိန် သန်း ၂၀ ကျန်ရှိသေးသည်။ ယင်းသင်္ဘောသည် ယူကရိန်းပိုင် Yuzhe ဆိပ်ကမ်းမြို့တွင် ဩဂုတ် ၁၂ ရက်နှောင်းပိုင်းက ဆိုက်ကပ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆက်လက် ပြောကြားခဲ့သည်။

Source: AP