CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂

ဝန့်စိန်ရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်တို့မှ သူဋ္ဌေးများ အပါအဝင် လူ ၁၀ ဦးကို ရွှေဈေးနှုန်း မတည်မငြိမ် ဖြစ်အောင်ဆောင်ရွက်သည့်အတွက် ဖမ်းဆီးအရေးယူရန် ဆောင်ရွက်စဉ် ထွက်ပြေးတိမ်းရှောင် နေသည့်အတွက် နစက-က ဖမ်းဝရမ်းထုတ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ရွှေအရောင်းအဝယ် ပြုလုပ်နေသည့် ပွဲစားများ အပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးအား ဖော်ထုတ် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်ဟု နစက-က သတင်း ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်အရ ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် အောင်သမာဓိရွှေဆိုင် ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဝိန့်စိန်ရွှေဆိုင် ပိုင်ရှင် ဦးအောင် ကောင်းမြတ်၊  ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဦးဆန်းဝင်း၊ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ခရမ်းသုံးခွ ရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ စိန်ကျော်မိုးရွှေဆိုင်မှ ဦးကျော်ငြိမ်း၊ ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ တို့နှင့် ပွဲစားများဖြစ်သော ဦးကျော်ဝင်း(ခ)ပန်းသီး၊ ဦးညီညီဦး (ခ)ချက်ကြီး၊ ဒေါ်တင်တင်ခိုင်(ခ)စန္ဒာတင်တို့ သည် ထွက်ပြေးတိမ်းရှောင်နေကြသည်။

ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တရားခံ ၁၀ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ပြီး မိဘပြည်သူများအနေဖြင့် သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင် ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဖမ်းဆီးခံထားရသော ၂၁ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြည်တွင်း အကယ်ဒမီရွှေသည် တစ်ကျပ်သား ၅၇ သိန်းကျော်ထိ ရောက်ရှိသွားခဲ့ပြီး နောက် ယခုအခါမှာတော့ သိန်း ၅၀ ကျော်ရှိနေသည်။