၂၀၂၁ အောက်တိုဘာ ၂၃
မြန်မာ့ခရီးသွားကဏ္ဍသည် ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှုနှင့် နိုင်ငံရေးအပြောင်းအလဲ အခြေအနေ များကြောင့် နိုင်ငံတကာခရီးသွားဝင်ရောက်မှု မရှိသလောက် နည်းပါးသွားခြင်းအပေါ် ပြည်တွင်း ခရီးသွားလုပ်ငန်းကို မြင့်တက်လာအောင် လုပ်ဆောင်ရန် လွယ်ကူသော်လည်း ပြည်ပ ခရီးသွား ဝင်ရောက်မှုအနေဖြင့် လာမည့် ၂၀၂၂ ခုနှစ် ပွင့်လင်းရာသီ ရောက်သည့်အခါမှသာ ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်းထံမှ သိရသည်။
“ဒီဟာက ကျနော်တို့ ပြည်ပခရီးသွားလုပ်ငန်းကို မျှော်မှန်းတယ်ဆိုရင်တော့ ကျနော်တို့ ပြည်ပခရီးသွားတွေရဲ့ ဈေးကွက်ရှာတဲ့ပုံစံက အနည်းဆုံး ခြောက်လကနေ တစ်နှစ် ရှာရတဲ့သဘော ရှိနေတယ်။ ဆိုတော့ ခရီးသွားလုပ်ငန်းက ပြည်ပခရီးသွားတွေကို မျှော်မယ်ဆိုလို့ရှိရင် အခု ပြည်တွင်း ခရီးသွားလိုပေါ့။ ပြည်တွင်းခရီးသွားက အခြေအနေတွေ တည်ငြိမ်လို့ရှိရင် တစ်လနှစ်လအတွင်း ပြန်ပြီးတော့ လည်ပတ်တယ်ပေါ့နော်။ ပြည်ပခရီးသွားကကျတော့ ဒီမှာတည်ငြိမ်သွားပေမယ့် အဲလို ချက်ချင်း တက်မလာနိုင်ဘူး။ ဒါကြောင့်မို့လို့ ပြည်ပခရီးသွားတွေကို ပြန်လည် ဆွဲဆောင်တယ်ဆိုလို့ ရှိရင်တော့ ခြောက်လ၊တစ်နှစ် အချိန်ယူပြီးတော့ ကျနော်တို့က နိုင်ငံတည်ငြိမ်ကြောင်း အေးဆေး ဖြစ်ကြောင်းပေါ့နော်။ အဲဒါတွေ အကုန်လုံးကို ကျွန်တော်တို့က ပြသရမယ့်အပြင် တကယ်တမ်း ခရီး သွားဖို့အတွက် လိုအပ်တဲ့လေကြောင်းလိုင်းတွေပေါ့နော် အဲဒါတွေ အကုန်လုံးကို ပြန်လည်ဖွင့်မှသာ ပြည်ပခရီးသွားက ရနိုင်မယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိအချိန်တွင် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းပြန်လည် စတင်ချိန်တွင် လည်ပတ်နိုင်ရေး အတွက်သာ ဝန်ထမ်းအနည်းငယ် ဆက်လက်ခန့်ထားလျက်ရှိသော်လည်း လုပ်ငန်းအများစုမှာ ရပ်တန့် နေကြောင်း သိရသည်။
လက်ရှိ ခရီးသွားလာမှုများ ရှိလာနေပေမယ့် ပြည်ပခရီးသွားလာမှု မရှိသည့်အတွက် ခရီးသွား လုပ်ငန်း လည်ပတ်မှု၏ ၅ ရာခိုင်နှုန်းမျှသာရှိသေးကြောင်း ဦးနောင်းနောင်းဟန်က ဆက်ပြောသည်။
“အခက်အခဲတွေ ကြုံတွေ့နေရတာက လူတိုင်း ကြုံတွေ့နေရတာပေါ့နော်။ ဒါပေမယ့် ခရီးသွားလုပ်ငန်း က လူတွေကတော့ အခုလောလောဆယ် ပြည်ပခရီးသွားကလည်း ပြန်ဝင်လာဖို့ မရှိသေးဘူး။ ဒါကြောင့် မို့လို့ ပြည်ဝင်လို့ခေါ်တဲ့ ခရီးစဉ်တွေလည်း ကျနော်တို့ ဘာမှလုပ်လို့မရသေးဘူး။ ပြည်ပကို ထွက်တဲ့ ခရီးစဉ်လည်း မရသေးဘူး။ အဲဒီတော့ ကျနော်တို့ ခရီး သွားလုပ်ငန်းတွေ ပွင့်ပွင့်လင်းလင်းပြောရင် (၉၀/၉၅) ရာခိုင်နှုန်းက အလုပ်လုပ်လို့ရတဲ့ အခြေအနေ မရှိသေးဘူးပေါ့။(၄/၅) ရာခိုင်နှုန်းလောက်သာ ပြည်တွင်းသွားလာတာနဲ့ ပြည်တွင်းခရီးစဉ်လေးတွေ၊ ဟိုတည်ကရောင်းတဲ့ ပက်ကေ့ရှ်လေးတွေကို ရောင်းပေးတာလေးတွေ အဲဒီလောက်ပဲ ကျနော်တို့ ရှိသေးတယ်။ နောက်တစ်ခါ လေယာဉ်လက်မှတ် လေးတွေ ရောင်းပေးတာပေါ့နော်။ တကယ်တမ်း လည်ပတ်မှုဆိုလို့ရှိရင် မရှိသေးဘူးလို့တောင် ပြောလို့ရတဲ့အခြေအနေပါ” လို့ သူက ဆိုသည်။
ပြည်တွင်းခရီးသွားလာမှုများအနေဖြင့် လက်ရှိတွင် ကမ်းခြေဒေသများနှင့် ဘုရားဖူးခရီးအနည်းငယ်သာ ရှိနေပြီး ပုံမှန်အခြေအနေမျိုး မရောက်ရှိသေးကြောင်း ခရီးသွားလုပ်ငန်းလုပ် ကိုင်သူများထံမှ သိရသည်။
ထို့အပြင် ခရီးသွားလာခွင့်များကို သက်ဆိုင်ရာမှ တိတိကျကျ တရားဝင်သွားလာခွင့်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းမျိုးလည်း မရှိသေးပေ။
ခရီးသွားလုပ်ငန်းသည် နိုင်ငံရေးတည်ငြိမ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သည့်အတွက် နိုင်ငံရေး ပြန်လည် ကောင်းမွန်လာသည့်အခါမှသာ လုပ်ငန်းများလည်ပတ်နိုင်မည်ဖြစ်ကြောင်းနှင့် ခရီးသွားအများစုသည် လူလတ်တန်းစားအသိုင်းအဝိုင်းများသာဖြစ်သည့်အတွက် ယခုအချိန်သည် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရန် ခက်ခဲနေလိမ့်ဦးမည်အကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။