CNI International News

စင်ကာပူ၊ အောက်တိုဘာ ၂၄

စင်ကာပူနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ Covid-19 အခြေအနေများ တုံ့ပြန်ရန် နယ်စပ်အစီအမံများ ဆက်လက် ထိန်းညှိနေပြီး နောက် ခရီးသွားလာရေး ကန့်သတ်ချက်များကို အောက် တိုဘာ ၂၆ ရက်မှစတင်၍ ဖြေလျှော့ပေးမည်ဟု စထရိတ်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

အဆိုပါ ခရီးသွား ကန့်သတ်ချက် ဖြေလျှော့မှုအရ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံများမှ ၁၄ ရက် ခရီးသွား ရာဇဝင်ရှိသူများ အပါအဝင် စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့် ပြန်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံနှင့် တောင်အာရှနိုင်ငံ ၅ နိုင်ငံတို့မှ Covid-19 အခြေအနေကိုလည်း ယခုအစီအမံတွင် ပြန်လည်သုံးသပ်ခဲ့ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပုံ-စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကိုတွေ့စဉ်။

အောက်တိုဘာ ၂၆ ရက်တွင် စတင်အသက်ဝင်မည့် အပြောင်းအလဲ လုပ်ဆောင်ချက်များအရ စင်ကာပူနှင့် အနီးဆုံး အိမ်နီးချင်းများဖြစ်သော မလေးရှားနှင့်အင်ဒိုနီးရှားတို့မှ ခရီးသွားများအတွက် အစီအမံများ ဖြေလျှော့ပေးခြင်းလည်း ပါဝင်မည်ဖြစ်သည်။

အဆိုပါနိုင်ငံများမှ ရောက်ရှိလာသူများသည် သီးသန့် ၁၀ ရက် နေထိုင်ခြင်း ကန့်သတ်ချက်ကိုမူ တင်းကြပ်ထားလိမ့်ဦးမည် ဖြစ်သည်။

အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတွင် စင်ကာပူ ကျန်းမာရေး ဝန်ကြီးက ယခု အာရှနိုင်ငံ အတော်များများ၌ ကပ်ရောဂါအခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ တင်းကြပ် သော အစီအမံများ ဆက်လက်ချမှတ်ရန် မလိုအပ်တော့ကြောင်း ပြောကြားခဲ့သည်။

စင်ကာပူအစိုးရသည် အခြားနိုင်ငံများနှင့်ဒေသအလိုက် Coivd-19 အခြေအနေနှင့်အန္တရာယ်ကို အမျိုးအစား ၄ မျိုးခွဲခြား၍ အမျိုးအစား တစ်ခုချင်းစီအတွက် တိုင်းတာတွက်ချက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။