၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ရခိုင်ပြည်နယ်မှ ကုန်သွယ်ရေးစခန်းများကို ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် ၃ လတာကာလအတွင်း မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သိန်း ၅၀ (၅ သန်း) ခန့် နစ်နာဆုံးရှုံးနေသည်ဟု သိရသည်။

ကုန်သွယ်ရေးစခန်းများမပိတ်ခင် တစ်လအလိုတွင် အမေရိကန်ဒေါ်လာ ၁၂ သိန်းနီးပါး ကုန်သွယ်တင်ပို့မှု ရှိခဲ့သည့်အတွက် ယခုလို ပိတ်ထားခြင်းကြောင့် နစ်နာမှုများ ဖြစ်ပေါ်နေသည်ဟု မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်း ဥက္ကဌ ဦးအောင်မြင့်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

“၃ လတာ ကာလအတွင်းမှာတော့ အတိုင်းအတာကတော့ သွင်းကုန် ပို့ကုန် မရှိဘူးပေါ့။ ကုန်သွယ်ရေးက တက်မလာဘူး။ တက်မလာတဲ့အပေါ်မှာ ကျွန်တော်တို့ ကညင်ချောင်း စီးပွားရေးဇုန် မဖွင့်ခင်ကဆိုရင် တစ်လမှာ (၁၁) သိန်းဖိုး၊ (၁၂) သိန်းဖိုးလောက် ပုံမှန်ဖြစ်တာပေါ့။ အဲဒီတော့ ဒီ စီးပွားရေးဇုန် စဖွင့်တဲ့ ဇူလိုင်လအတွင်းမှာတော့ အဲဒီ (၁၀) သိန်း (၁၂) သိန်းရှိရာကနေ (၁၅) သိန်းအထိ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့တယ်ပေါ့နော်။ ဆိုတော့ အဲလိုပုံစံမျိုး ကျွန်တော်တို့ တွက်မယ်ဆိုရင်တော့ ဒီ (၃) လအတွင်းမှာတော့ အမေရိကန်ဒေါ်လာ သိန်း (၅၀) ဖိုးလောက် မရဘူးပေါ့။” ဟု ဆိုသည်။


အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်ကတည်းက ကိုဗစ် တတိယလှိုင်းကြောင့် ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

၎င်းကို ပြည်ထောင်စုက ခွင့်ပြုချက်ရရှိမှသာ ပြန်ဖွင့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီက ပြောဆိုထားသည်။

ယခုလို နယ်စပ်ကုန်သွယ်ရေးစခန်းများ ပိတ်ထားသည့်အတွက် တရားမဝင်လမ်းကြောင်းမှ ကုန်သွယ်မှု များ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်းချုပ်၏ အထွေထွေ အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

“ကျွန်တော်တစ်ယောက်တည်းရဲ့ သဘောထားကတော့ တရားဝင်လုပ်ရတာ ကောင်းပါတယ်။ တရားဝင်မဖွင့်ပေးတဲ့အခါကျတော့ တရားမဝင်ရောင်းဝယ်မှုတွေ ဖြစ်ကုန်တာပေါ့နော်။ ဖြစ်လည်း ဖြစ်နေပြီလို့ ကျွန်တော်တို့ ကြားရတယ်။ ဆိုတော့ ပိတ်ထားတက ကိုဗစ် ၁၉ စည်းမျဉ်း စည်းကမ်းတွေ ပြီးတော့ တစ်ဖက်နိုင်ငံက ကိုဗစ်ဝင်ရောက်မှုတွေ မရှိရအောင်ပေါ့နော်။ တရားဝင် ဖွင့်ပေးမယ်ဆိုရင် စနစ်တကျ ထိန်းသိမ်းနိုင်ပါတယ်။”ဟု ပြောဆိုသည်။


ရခိုင်ပြည်နယ်တွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း ဟူ၍ ရှိပြီး လက်ရှိမှာတော့ နှစ်နေရာစလုံးကို ပိတ်ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်နှင့် ကြက်သွန်အပါအဝင် မီးဖိုချောင်သုံး ကုန်ပစ္စည်းများကို ၉၀ ရာခိုင်နှုန်း တင်ပို့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပလစ်စတစ် လူသုံးကုန် ၁၀ ရာခိုင်နှုန်း ပြန်လည်တင်သွင်းသည်ဟု သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်မှ နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် တစ်ခါ ပိတ်ထားခဲ့ရပြီး ၂၀၂၁ ဧပြီ ၁၄ ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့ကာ ဇူလိုင်လ ၁၅ ရက်တွင် နောက်တစ်ကြိမ် ထပ်မံပိတ်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ မှ ဇူလိုင်လအထိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၈ သိန်း၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၇ သိန်းခန့် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့်စက်မှုအသင်း၏ အချက်အလက်များအရ သိရသည်။