CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပူအောင်စံပြကျေးရွာမှ ပြုလုပ်သော ရှမ်းနီရိုးရာ မြေအိုးများကို တွေ့ရသည်။

အဆိုပါ မြေအိုးများကို ယခင် ရှမ်းနီဘိုးဘေးများ လက်ထက်ကတည်းက ပြုလုပ်ခဲ့ကြပြီး ယခုတိုင် သားစဉ် မြေးဆက် လက်ဆင့်ကမ်း ပြုလုပ်လျက်ရှိသည်။

ရိုးရာမြေအိုး လုပ်ငန်းမှ သောက်ရေအိုး၊ ထမင်းပေါင်းအိုး၊ ဟင်းအိုး၊ ပန်းအိုး၊ ဆီမီးခွက်နှင့် ဘုရားပန်းအိုးများကို အဓိက ပြုလုပ်ကြပြီး အနယ်နယ်အရပ်ရပ်မှ မှာယူသုံးဆွဲကြကြောင်း သိရသည်။

ရှမ်းနီရိုးရာ မြေအိုးများကို ဟုမ္မလင်းမြို့နယ်အတွင်းရှိ နောင်ပူအောင်စံပြကျေးရွာ၊ အော်သော်ကျေးရွာနှင့် မင်းပွဲ ကျေးရွာတို့တွင် ပြုလုပ်ကြောင်း သိရသည်။

ရှမ်းနီ (ခေါ်) တိုင်းလိုင် လူမျိုးများသည် ကချင်ပြည်နယ်အတွင်းက ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာ ခရိုင်၊ တမူးခရိုင်တို့မှာ ပျံ့နှံနေထိုင်ကြပြီး လူဦးရေ ၁ သန်းခန့်ရှိကြောင်း သိရသည်။