CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၈

သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ရန်ကုန်မှ ရခိုင်သို့ ပြန်သည့်ခရီးသည် များပြားသော်လည်း ရခိုင်မှ ရန်ကုန်သို့ ပြန်သည့်ခရီးသည်မှာ မရှိသလောက် နည်းပါးသည့်အတွက် မော်တော်ယာဉ် စီးခများကို အနည်းငယ် တိုးမြှင့် ကောက်ခံနေကြောင်း ရခိုင်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်မော်တော်ယာဉ်လိုင်းများထံမှ သိရသည်။

ထိုသို့ တိုးမြှင့်ကောက်ခံရခြင်းမှာ မော်တော်ယာဥ်များသည် ခရီးသည်မပါဘဲ ရခိုင်မှ ရန်ကုန်သို့ ပြန်ဆင်းလာရခြင်းကြောင့် ဖြစ်သည်။

စက်သုံးဆီစရိတ် ပြန်လည်ကာမိရန်အတွက် လက်မှတ် ၁ စောင်လျှင် ၅ ထောင်ကျပ်မှ ၁ သောင်းကျပ် တိုးမြှင့် ကောက်ခံတော့မည်ဖြစ်ကြောင်း၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည် ဖြစ်ကြောင်း စစ်တွေမြို့ မော်တော် ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးချမ်းအေးက CNI သတင်းဌာနသို့ ပြောသည်။

ဦးချမ်းအေးက “ရန်ကုန်ကလူက ခရီးသွား တအားများတယ်လေ။ ခရီးသွားများတော့ ကားတွေက စစ်တွေပြန်ပြီး ရင် ခရီးသည်မပါဘူး၊ လက်မှတ် ကြိုရောင်းထားတာကိုး။ ကြိုရောင်းထားတော့ ခရီးသည် ပြန်ကြိုဖို့ လိုတဲ့အပြင် စစ်တွေ ရောက်တာနဲ့ ပြန်ထွက်ရတဲ့ ကားတွေရှိတယ်။ ခါလီ ပြန်တက်တဲ့ ကားတွေရှိတယ်။ ခရီးသည် နည်းနည်း ပါးပါး ပါတဲ့ ကားတွေရှိတယ်။ အများဆုံးပါရင် ၅ ယောက်၊ ၁၀ ယောက်ပေါ့နော် အဲလိုကားတွေလည်း ရှိတယ်။ အဲဒါကြောင့်ပေါ့ အဲဒါ ဒီဘက်က ဆီစရိတ်တွေနဲ့ အဲဒါကြောင့်ပါ။ စစ်တွေကနေ ရန်ကုန်ကိုသွားတဲ့ ခရီးက မတိုးဘူး ပုံမှန်ဈေးပဲ။ ၅၀၅၀၀ ရယ်၊ ၅၅၅၀၀ ရယ် အဲဒီ ၂ မျိုးပဲ ရှိတယ်။ ရန်ကုန်ကနေ စစ်တွေသွားတာက သူတို့ ဧပြီလ ၁ ရက်နေ့ တိုးမယ်လို့ ပြောသံကြားတယ်” ဟု ပြောသည်။

 ရန်ကုန်-စစ်တွေ-ကျောက်တော်သွားလမ်းဆုံကိုတွေ့ရစဉ်

ထို့နောက် သင်္ကြန်ကာလ မတိုင်ခင်တွင် ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် ခရီးသွားနည်းပါးသော်လည်း ကုန်စည်ကို အဓိကထား တင်ဆောင်သည့်အတွက် အဆင်ပြေကြောင်း၊ သင်္ကြန်ကာလတွင် ကုန်စည်ရရှိမှု နည်းပါး သွားသည့်အတွက် ယာဉ်စီးခနှုန်းထားကို တိုးမြှင့်ကောက်ခံလိုက်ရခြင်း ဖြစ်သည်ဟု ယာဉ်လိုင်းတစ်ခုမှ ယာဉ် မောင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူသီးသန့်နဲ့ဆိုတော့ ထွက်လို့ မကိုက်ဘူးထင်တယ်။ ကုန်နဲ့ လူနဲ့ ထွက်ရမှ၊ သူတို့က ဆီဈေးတွေက တက် တာကိုး။ ဆီဈေးတွေတက်တော့ အဲဒါဆို သူတို့က ၅ ထောင်လောက်၊ ၁ သောင်းလောက်တော့ တိုးတောင်းတာ ထင်တယ်။ အရင်ဈေးအတိုင်းဆို ကျနော်တို့က မကိုက်ဘူးလေ။ ကုန်စည်က သင်္ကြန်တွင်းကာလဆို ကုန်က မရှိ ဘူးလေ။ ခရီးသွားများတော့ ခရီးသည်နဲ့ပဲ သွားရတော့ အဲဒီလိုမျိုး ကုန်စည်မပါဘဲနဲ့ ဒီကားတွေက မကိုက်ဘူး။ သင်္ကြန် မကျခင်တုန်းကလည်း ကုန်နဲ့ လူနဲ့ အဲဒီလိုသွားမှ ကျနော်တို့ အဲဒီလိုမျိုး ဆီစရိတ်တွေ၊ လမ်းစရိတ်တွေ မှန်တာလေ” ဟု ပြောသည်။

စစ်တွေမှ ရန်ကုန်ပြန်ကြမည့် ခရီးသည်များအတွက် ယာဥ်စီးခ စျေးနှုန်းများကို တိုးမြှင့်ခြင်း မရှိဘဲ ပုံမှန်အတိုင်း ရောင်းချနေကာ လက်မှတ်များလည်း ဝယ်ယူနိုင်သေးကြောင်း၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရန်ကုန်မှ စစ်တွေသို့ ပြေးဆွဲနေသည့် အထူးမော်တော်ယာဥ်လိုင်းများအတွက် ယာဥ်စီးခလက်မှတ် တစ်စောင်ကို ယခင်က ၅၅၅၀၀ ကျပ်မှ ယခု ၆၅၅၀၀ ကျပ် တိုးမြှင့် ကောက်ခံသွားမည်ဟု သိရသည်။

ရန်ကုန်-စစ်တွေ ပြေးဆွဲသည့် ကားလိုင်းကိုတွေ့ရစဉ်

သို့သော် သင်္ကြန်ကာလ နောက်ပိုင်းတွင် ယာဥ်စီးခ လက်မှတ်စျေးနှုန်းများကို ပုံမှန်အတိုင်း ကောက်ခံသွားမည် ဖြစ်ကြောင်း ယာဥ်လိုင်းများထံမှ သိရှိရသည်။

သင်္ကြန်ရုံးပိတ်ရက်အတွင်း နေရပ်ပြန်ကြမည့် ခရီးသည်များအတွက် လက်မှတ်များကို မတ်လ တတိယပတ်မှ စတင်၍ ကြိုတင် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ခရီးသွား များပြားသော်လည်း စက်သုံး ဆီ စရိတ် ကြီးမြင့်မှုကြောင့် ကားအစီးရေ တိုးမြှင့်ခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ထွက်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်လိုင်းတချို့မှာ ကားလက်မှတ်များ အားလုံးနီးပါး ရောင်းထွက်သွားပြီဖြစ်ကြောင်း သိရသည်။