CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုသည့် စနစ်ကြောင့် ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးလုပ်ရာမှာ ကြန့်ကြာမှုများ ဖြစ်ပေါ် နေကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်စပ်ကုန်သည်များက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်နှင့် မြဝတီနယ်စပ် ကုန်သွယ်ရေးတို့တွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ စနစ်သည် လက်ရှိတွင် ရခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာပါ အကောင်အထည်ဖော်လာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းတွင် အင်တာနက်ရရှိမှု အခက်အခဲကြောင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာ၌ အဆင်မပြေမှုများ ရှိနေသည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ အပတ်က စတာပေါ့လေ။ ကျနော် မှတ်မိသလောက်တော့ ၁၁၊ ၁၂ လောက်က စတာထင်တယ်။ အဲဒီရက်ပိုင်းက တော်တော်လေးကို ကြပ်သွားတဲ့ဟာတော့ ရှိပါတယ်။ ကြပ်သွားပြီးတော့ တချို့ပစ္စည်းတွေက မသိတော့ လမ်းမှာ ရောက်ပြီးသားတွေရော၊ စစ်တွေရောက်ပြီးသားတွေရော၊ မောင်တော ရောက်ပြီးသားတွေရော အဲလိုမျိုး ကိစ္စတွေက တော်တော်လေးကို ဖြေရှင်းလိုက်ရတဲ့ အနေအထား ရှိပါတယ်။ လက်ရှိကတော့ QR Code က မဖြစ်မနေ ထုတ်ရမှာ ဖြစ်တဲ့အတွက် ဒီဟာတော့ လက်ရှိလည်း ထုတ်တော့ ထုတ်နေကြပါပြီ။ ဒါပေမယ့် ဒီမှာ က တစ်ခါတစ်လေ ကျလို့ရှိရင် အင်တာနက်လိုင်းတွေက ရလိုက် မရလိုက် ဖြစ်နေတာကိုး ကျနော်တို့ဆီမှာ ကျတော့လည်း ရလိုက် မရလိုက် ဖြစ်နေတော့ အဲဒီမှာ အခက်အခဲလေးတွေကတော့ နည်းနည်းလေး ရှိတုန်းပေါ့ လေ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

QR Code လျှောက်ရာတွင် အွန်လိုင်းမှ လျှောက်ရခြင်းဖြစ်ပြီး ၂၄ နာရီ မရရှိခြင်းနှင့် အစိုးရ ရုံးပိတ်ရက်များတွင် အဆင်မပြေမှုများ ဖြစ်နေသည်ဟု ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လိုင်စင်ကျတာ ၁ ရက်၊ ၂ ရက် ကြာသွားတာတို့၊ system error ဖြစ်တာတို့၊ ကျနော်တို့ဆီမှာ အင်တာနက် လိုင်း မကောင်းတာတို့ အဲဒါ တော်တော် အခက်အခဲ ဖြစ်နေကြတာပဲ။ ကျနော်တို့ဆို ငါးတွေ ပို့တာပေါ့။ စီစဉ်ပြီးခါ မှ လိုင်စင်လျှောက်တာ မကျလာတာပေါ့နော်။ အဓိက အွန်လိုင်း system ကြောင့်ရယ်၊ အစိုးရ ရုံးဘက်တွေက မအားလို့လား၊ ရုံးပိတ်ရက်မို့လားမသိ အဲဒါကြာနေတော့ ဒီနေ့မှ ကျတဲ့ဟာတွေ ရှိတယ်၊ စနေနေ့က လျှောက်တဲ့ ဟာတွေ။ အဲဒါတွေက ၂၄ နာရီ ဖြစ်နေရမှာလေ။ အဲလို အခက်အခဲတွေတော့ ရှိနေတယ်” ဟု ပြောသည်။

ထိုသို့ အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် အချိန်မီ တင်ပို့ရမည့် ကုန်စည်များသည် ကြန့်ကြာမှုများ ဖြစ်ပေါ် နေကြောင်း၊ ထို့နောက် ဘင်္ဂလားဒေ့ရှ်သို့ ရေထွက်ကုန် တင်ပို့ရာတွင် ကုန်ပစ္စည်းများ စုပုံသွားသည့်အတွက် ဈေး နှုန်း ကျဆင်းမှုများလည်း ဖြစ်ပေါ်နေကြောင်း ရေထွက်ကုန်တင်ပို့နေသည့် မောင်တောမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

၎င်းက “အဓိကကလည်း အစ်ကိုတို့က ငါးလုပ်တယ်ဆိုပေမယ့် ကိုယ့်ဟာ၊ သူများဟာလည်း ပါတာပေါနော်။ တခြား ကုန်သည်တွေ အပ်ထားတဲ့ဟာတွေ ပါတယ်။ ကိုယ်က ကြားထဲကနေ တာဝန်ယူပြီး လုပ်နေရတဲ့ အပိုင်း တွေ ရှိနေတော့ ဘယ်လိုဖြစ်လဲဆိုတော့ ငါးတွေက အဲဒီလို လိုင်စင်မကျတဲ့အတွက် မောင်တောဆို မောင်တော၊ စစ်တွေဆို စစ်တွေမှာ အကုန်လုံး ငါးကားတွေက စုသွားတာ။ စုသွားတဲ့အချိန် တစ်ဖက်နိုင်ငံကို ပစ္စည်းပို့တဲ့ အချိန် မှာကျတော့ ဈေးကွက်ကို တမင်သက်သက် သတ်ပစ်လိုက်သလို ဖြစ်သွားတာပေါ့။ ရောင်းလိုအားနဲ့ ဝယ်လိုအားမှာ ရောင်းလိုအား များသွားတာပေါ့။ ရောင်းလိုအား များသွားတဲ့အတွက် ဟိုဘက်က ဝယ်လက်တွေက ရွေးဝယ်လိုရ သွားတဲ့အချိန်မှာ သိတဲ့အတိုင်းပဲ ဈေးက အော်တို ပြုတ်ကျသွားတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး သင်္ဘောပေါ်သို့ ကုန်များတင်ဆောင်နေကြစဉ်

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် တောင်ကုတ်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်နှင့် အမ်းမြို့နယ်ရှိ စစ်ဆေးရေး ဂိတ်များတွင် ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ထို့နောက် တောင်ကုတ်မှတဆင့် စက်လှေဖြင့် ကုန်စည်များကို သယ်ဆောင်ရာတွင်လည်း စက်လှေအတွက် QR Code ထပ်မံ လျှောက်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များထံမှ သိရသည်။

QR Code စနစ်ဖြင့် လုပ်ဆောင်ခြင်းသည် စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးမှု မရှိသည့် အတွက် မြန်ဆန်သော်လည်း QR Code လျှောက်သည့်နေရာတွင် အခက်အခဲများ ဖြစ်နေသည်ဟု ကုန်သည်များ နှင့် ကုန်ကားမောင်းနှင်သူများက ပြောသည်။