CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာနှင့် ငွေဆောင် ကမ်းခြေတို့တွင် ခရီးသွားဝင်ရောက်မှု များပြား လာနေပြီ ဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်းများ လည်ပတ်မှုသည် ၉၅ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် နှစ်သစ်ကူး ရုံးပိတ်ရက်အတွက် ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် ကြိုတင်ဘိုကင်များ ပြည့်လုနီးပါး ဖြစ်နေပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃ လုံးအနက် ၂၉ လုံး ပြန်လည် ဖွင့်လှစ်ထားကြောင်း ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာန(ချောင်းသာ)ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ကမ်းခြေတစ်ခု၏ အလှပကိုတွေ့ရစဉ်

၎င်းက “ခရီးသွားလုပ်ငန်းကတော့ အခုက ပုံမှန်လည်ပတ်နေပြီပေါ့နော်။ ဧည့်သည်တွေကတော့ ခရစ္စမတ်တို့ New Year တို့ ခရစ္စမတ်ကတော့ ပြီးသွားပြီပေါ့နော်။ ဧည့်သည်တွေကတော့ ကမ်းခြေမှာ သူ့ဟာသူ ပြည့်ပါပြီ။ ချောင်းသာမှာဆိုရင် ကျနော်တို့က ဟိုတယ်နဲ့ တည်းခိုရိပ်သာ စုစုပေါင်း ၃၃ လုံး ရှိတယ်လေ။ ၃၃ လုံးမှာ ကျနော် တို့ ကိုဗစ် ဗားရှင်း 3.30 မှာ ပြန်စစ်ဆေးပြီး ပြန်ဖွင့်တာ အားလုံး ၂၉ ပေါ့။ ကျန်တဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ ၄ လုံးကတော့ မဖွင့်သေးဘူးပေါ့။ ကိုဗစ်ကတည်းက ပိတ်ထားတာ အခုထိ ပိတ်ထားတုန်းပဲ။ လည်ပတ်မှုကတော့ ကျနော်တို့က ၄ လုံးပဲ ပိတ်ထားတာဆိုတော့ ၉၅ ရာခိုင်နှုန်းလောက်တော့ လည်ပတ်မှု ရှိတာပေါ့နော်” ဟု ပြော သည်။

ဒီဇင်ဘာလ တစ်လအတွင်း ၂၇ ရက်နေ့အထိ ချောင်းသာကမ်းခြေသို့ ပြည်တွင်း/ပြည်ပ ခရီးသွား ဝင်ရောက်မှု အနေဖြင့် ၃၂၁၉၂ ဦးရှိပြီး နိုင်ငံခြားသားခရီးသွား ၂၂၄ ဦး ဝင်ရောက်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ငွေဆောင်ကမ်းခြေဒေသတွင် ဟိုတယ် ၃၅ လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံ ကမ်းခြေ၌ ဟိုတယ် ၃၉ လုံးရှိကြောင်း၊ ကိုဗစ်ကာလအတွင်းက ပိတ်ထားသည့် ဟိုတယ်များသည် ပြန်လည် ဖွင့်ရန်အတွက် ဟိုတယ် မွမ်းမံပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ချောင်းသာဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့နောက် ချောင်းသာနှင့် ငွေဆောင် ကမ်းခြေဒေသများမှာ ဟိုတယ်လုပ်ငန်းများ လည်ပတ်မှု များသော်လည်း လက်ရှိ နှစ်သစ်ကူးကာလတွင် ရခိုင်ပြည်နယ် ကမ်းခြေဒေသ၌ လည်ပတ်မှုသည် ၅၂ လုံးခန့်သာ ရှိသေးကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကမ်းခြေတစ်ခုအနီးရှိ ဟိုတယ်များကိုတွေ့ရစဉ်

၎င်းက “သံတွဲမှာက ၆၅ လုံး ရှိတာက ၅၂ လုံး ဖွင့်ပြီ။ ရခိုင်တစ်ခုလုံးမှာ ၁၀၂ ခုရှိတာ ၈၂ လုံး ဖွင့်ပြီ။ ပြီးခဲ့တဲ့လက တိုက်ပွဲ မရှိတော့ဘူးလေ။ အေးဆေးဖြစ်သွားပြီ။ သို့သော်လည်း အရှိန်ကတော့ ရှိနေသေးတာပေါ့။ ခရီးသွားလာတဲ့ သူတွေအတွက်က ကြောက်နေသေးတာကိုး။ နောက်တစ်ခုက အဓိကက သူတို့က လေကြောင်းခရီးနဲ့ပဲ လာတာ ဆိုတော့ ဧည့်သည်က သီတင်းကျွတ် လောက်တုန်းကလောက်တော့ ရောက်တယ်။ ရှိတော့ ရှိမှာပါ သီတင်းကျွတ် လောက်တော့ ပြည့်မှာပဲ။ သင်္ကြန်လိုတော့ မများနိုင်ဘူး ရက်ကလည်း တိုတားကိုး” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်များတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားမှုနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ရပ်တန့်ခဲ့ရသည့် ကမ်းခြေဒေသ ဟိုတယ်လုပ်ငန်းများသည် လက်ရှိတွင် ပြန်လည်ဖွင့်လှစ်၍ လည်ပတ်မှုများ ရှိလာသည့်အတွက် ဟိုတယ်ဝန်ထမ်း ၅၀၀ နီးပါး အလုပ်အကိုင် ပြန်လည်ရရှိလာပြီဖြစ်ကြောင်း သိရသည်။