CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၇

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံဒေသသို့ လက်ရှိတွင် ပြည်တွင်းခရီးသွား ဝင်ရောက်မှု ယခင်ကထက် ပိုမိုဝင် ရောက်လျက် ရှိနေသည့်အပြင် သင်္ကြန်ရုံးပိတ်ရက် ကာလအတွက်လည်း ဟိုတယ်ကြိုတင်ဘိုကင် လုပ်ဆောင်မှုများ ရှိနေပြီဖြစ်ကြောင်း ပုဂံ - ညောင်ဦး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူများထံမှ သိရသည်။

ပုဂံဒေသသည် တခြားသော မြို့များနှင့် နှိုင်းယှဉ်ပါက နယ်မြေတည်ငြိမ်သည့် အခြေအနေ ရှိနေသည့်အတွက် သင်္ကြန်ကာလတွင် ခရီးသွားများ ဦးစားပေး လာရောက်ကြမည် ဖြစ်ကြောင်း၊ သို့သော်လည်း ကိုဗစ်မတိုင်ခင်ကာလ အရေအတွက်ကို မရောက်ရှိနိုင်ကြောင်း ပုဂံခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ ကိုကျော်စွာလင်းက CNI သတင်းဌာနသို့ ပြောသည်။

ကိုကျော်စွာလင်းက “သင်္ကြန်ကတော့ ပုံမှန်နှစ်တွေ အတိုင်းပါပဲ ကျနော်တို့ ကြိုတင်ဘိုကင်တွေ အခုကတည်းက နေပြီးတော့မှ ကြိုလုပ်ကြနေတာပေါ့နော်။ ဘာလို့ဆို နီးမှ သင်္ကြန်နီးမှ လာမယ်ဆိုလို့ရှိရင် ရက်ကြီး အခါကြီး ရက်တွေမှာ ပုဂံက ဟိုတယ်တွေ ပြည့်တာများတယ်။ အဲဒါကြောင့်မို့လို့ သင်္ကြန်က ၄ လပိုင်းဆိုပေမယ့် အခုကတည်း က ကြိုပြီးတော့ အခုကတည်းက ဘိုကင် ယူနေတဲ့သူတွေ ရှိကြပါတယ်။ အရင်တုန်းကပေါ့ဗျာ ကိုဗစ်မတိုင်ခင်က ကာလမျိုးနဲ့တော့ မျှော်လင့်လို့ မရဘူးပေါ့။ သို့သော် လက်ရှိကလည်း ပုဂံက တည်ငြိမ်နေတဲ့ အခြေအနေတစ်ခု ဖြစ်တယ်။ ပတ်ဝန်းကျင် မြို့တွေထက် စာရင်တော့ ပုဂံက ခရီးသွားဧည့်သည်တွေ လာတဲ့နေရာမှာ အဓိက စဉ်းစားတဲ့ မြို့တစ်မြို့ဖြစ်တော့ အရင်တုန်းက ကိုဗစ်မတိုင်ခင် ကာလမျိုးလောက်တော့ မျှော်လင့်လို့ မရဘူးဆိုပေမယ့် ကျနော်တို့ အဲဒီ နီးပါးလောက်တော့ လာမယ့်သင်္ကြန်မှာ ဘုရားဖူးဧည့်သည်တွေ ဖြစ်လာမှာပါ” ဟု ပြော သည်။

ပုဂံဒေသကိုတွေ့ရစဉ်

လက်ရှိတွင် ပုဂံဒေသသို့ ခရီးသွားလာမှု မြင့်တက်လျက်ရှိနေပြီး တစ်ရက်လျှင် ခရီးသွားဦးရေ ၁ သောင်းခန့်ရှိ ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၊ ပုဂံဌာနထံမှ သိရသည်။

သင်္ကြန်ကာလအတွင်း ပုဂံဒေသသို့ ဘုရားဖူးရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ရှိနေပြီး ခရီးသွားလုပ်ငန်းများမှ စီစဉ်သည့် ခရီးစဉ်ထက် မိသားစုအလိုက် သွားရောက်သည့် ခရီးစဉ်များက ပို၍ များကြောင်း၊ ယခင်နှစ်များထက် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု နည်းနိုင်သော်လည်း တခြားသော ဒေသများထက် သင်္ကြန်ကာလတွင် ပုဂံသို့ ခရီးသွားလာရောက်မှု ပိုများလာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်း နောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ဦးနောင်းနောင်းဟန်က “သင်္ကြန်ကာလ အတွင်းမှာတော့ ပုဂံဒေသ ခရီးသွားမှုတွေက မြင့်တက်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းမှာက တချို့တွေက ပြည်တွင်းခရီးသွားဖို့ ပုဂံဒေသကို ဘုရားဖူး သွားဖို့အတွက်ကို ပြင်ဆင်နေကြတာ ရှိတယ်။ ဘိုကင်တွေကတော့ ဘယ်လောက်ထိ ရနေတာရှိတယ်ဆိုတာ မသိပေမယ့်လည်း ဒီသင်္ကြန်ကာလ အတွင်းမှာတော့ ပုဂံက ခရီးသွားတွေ အများကြီး လာရောက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ အဓိကက တချို့တွေက ကမ်းခြေဒေသကို သွားပြီးတဲ့သူတွေ ရှိတယ်ပေါ့နော်။ သွားပြီးတဲ့ ကမ်းခြေဒေသကို ထပ်မသွားတော့ဘူး။ ဘုရားဖူးဖို့အတွက် ပုဂံဒေသကို သွားဖို့အတွက် ပြင်ဆင်နေ ကြတာ ရှိပါတယ်။ ခရီးစဉ်အနေနဲ့ ပက်ကေ့စ်အနေနဲ့ ရောင်းတာမျိုးတွေတော့ မရှိပါဘူး။ ချောင်းသာ၊ ငွေဆောင် ကတော့ ကားရော၊ ဟိုတယ်ရောက ပက်ကေ့စ်လုပ်ပြီးတော့ ရောင်းနေတာမျိုးတော့ ရှိတယ်။ ပုဂံကျတော့ အဲဒီ လိုမျိုး ရောင်းတာမျိုးတွေ ကျနော်တို့ သိပ်မတွေ့ရဘူး။ မတွေ့ရဘဲနဲ့ တစ်မိသားစုကနေ ဒီကနေ တိုက်ရိုက် ဘိုကင် ပေါ့နော်၊ မိသားစုအလိုက် သွားတဲ့ဟာတွေကတော့ အများကြီး မြင့်တက်နေတယ်လို့ ကျနော်တို့ သိထားပါတယ်။ ပုဂံမှာ ခါတိုင်းနှစ်ထက် များလာနိုင်လားဆိုတော့ ခါတိုင်းနှစ်ထက် များတယ်လို့ ပြောလို့မရပေမယ့် ကျန်တဲ့ဒေသ တွေနဲ့ ယှဉ်ရင်တော့ ပုဂံက အများကြီး ပိုများလာပါလိမ့်မယ်” ဟု ပြောသည်။

ပုဂံဒေသကိုတွေ့ရစဉ်

ပုံမှန်ကာလများတွင် ပုဂံသို့ ခရီးသွားဝင်ရောက်မှုသည် တစ်ရက်လျှင် လူဦးရေ ၁ သောင်းခန့် ဝင်ရောက်မှုရှိ ခဲ့သည့်အတွက် သင်္ကြန် ပိတ်ရက် ခရီးသွားဝင်ရောက်မှုမှာ မြင့်တက်လာနိုင်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလတွင် ပုဂံဒေသသို့ သင်္ကြန်ရုံးပိတ်ရက်ကာလ ၉ ရက်အတွင်း ခရီးသွားဝင်ရောက်မှု ၂ သိန်းနီးပါး ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။

ပုဂံတွင် ဟိုတယ် ၁၅၄ လုံးရှိသော်လည်း လက်ရှိတွင် ကိုဗစ်စည်းကမ်း လမ်းညွှန်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ထားသည့် ဟိုတယ် ၇၄ လုံးသာ ရှိသေးကြောင်း၊ ကျန်ရှိသည့် ဟိုတယ်များသည် ဆက်လက် ပိတ်ထားဆဲ ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။