- By CNI
- Category: အားကစား
- Hits: 1070
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၂၀
ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ကြယ်ပွင့်ကစားသမားဟောင်း ရိုင်ယန်ဂစ်ဟာ ကောင်းမွန် တဲ့ စိတ်နေစိတ်ထားရှိတယ်လို့ ဗြိတိန်တရားရုံးမှာ သြဂုတ်လ ၁၉ ရက်က ပြောခဲ့ပါတယ်။
ရိုင်ယန်ဂစ်ဟာ ရည်းစားဟောင်းဖြစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုတို့အတွက် တရားရင်ဆိုင်နေရတာပါ။ ဖာဂူဆန်က သူ့ရဲ့ ကစားသမားဟောင်းဟာ ကလပ်မှာရှိတဲ့ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ဒေါသထွက်ခြင်းနဲ့ အကြမ်းဖက်လုပ်ရပ်မျိုးလုပ်ခဲ့တာမရှိဘူးလို့ တရားခွင်မှာ သက်သေပြချက်ပေးခဲ့တာ ဖြစ်ပါတယ်။ရိုင်ယန်ဂစ်ဟာ ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့ အကောင်းဆုံးဥပမာ ဖြစ်တယ်လို့လည်း ဖာဂူဆန်က မန်ချက်စတာတရားရုံးကို ပြောခဲ့တာပါ။
ယူနိုက်တက်ကစားသမားဟောင်းဟာ လက်တွဲဖော်ဟောင်း ကိတ်ဂရီဗီလီနဲ့ သူရဲ့ညီမတို့ကို လွန်ခဲ့တဲ့ ၂ နှစ်နီး ပါးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို ငြင်းဆန်ထားတာဖြစ်ပါတယ်။အသက် ၈၀ အရွယ်ရှိ ဂန္ထဝင်နည်းပြကြီးက ဂစ်ဟာ ငယ်ရွယ်တဲ့အချိန်မှာကတည်းက ယူနိုက်တက်ကို ရောက်ရှိလာတဲ့သူ ဖြစ်တာကြောင့် သူ့အကြောင်းကိုသိတယ်လို့လည်း တရားရုံးကို ပြောခဲ့တာပါ။ရိုင်ယန်ဂစ်ဟာ ၁၉၆၀ ပြည့်လွန် နှစ်က နာမည်ကြီးဖြစ်တဲ့ ကလပ်ဂန္ထဝင် ဂျော့ချ်ဘတ်စ်နဲ့ နှိုင်းယှဉ်ပြီး ဆိုးသွမ်းတယ်လို့ဝေဖန်ခံခဲ့ရတာကြောင့် ဖာဂူဆန်က မီဒီယာအာရုံစူးစိုက်မှုကနေ ကာကွယ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

“ခင်ဗျားအနေနဲ့ နောက်ထပ် ဂျော့ချ်ဘတ်စ်လို့ တစ်စုံတစ်ယောက်က ပြောလာရင်တော့ ဒါဟာ ကြီးမားတဲ့ ပြဿနာပါပဲ။ဒါပေမယ့် ရိုင်ယန်ဂစ်က အလွန်ကောင်းမွန်ပြီး ပြဿနာမရှိပါဘူး။သူဟာ ကစားသမားဘ၀ ဆက်သွားဖို့ ခက်ခဲတဲ့အနေအထားမှာရှိပြီး စွမ်းအင်တွေအရ လိုအပ်တဲ့အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်” လို့ ဖာဂူဆန်က ပြောခဲ့တာပါ။
ရိုင်ယန်ဂစ်ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြီးခဲ့တဲ့ဇွန်လက ဝေးလ်စ်လက်ရွေးစင်အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းပြင်ဆင်နေချိန်မှာ သူ့ကြောင့် ထိခိုက်မှုမရှိအောင် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဝေးလ်စ်နည်းပြဟောင်း ရိုင်ယန်ဂစ်ဟာ အာမခံနဲ့နေနေရပေမယ့် သူ့နာမည်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဖို့မျှော်လင့်နေတာ ဖြစ်ပါတယ်။ရိုင်ယန်ဂစ်ဟာ ကစားသမား ဘဝတစ်လျှောက်လုံး ယူနိုက်တက်အသင်းမှာသာ ကစားခဲ့ပြီး အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာပါ။
သူဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်အပါအဝင် ဆုဖလားအများအပြား ရယူခဲ့ပြီး ၂၀၁၃-၁၄ ရာသီကုန်ခါနီးမှာ ယာယီနည်းပြအဖြစ် မိုယက်စ်နေရာအစားဝင်ကာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ပါတယ်။အဲဒီနောက်မှာ ဗန်ဟားလ်ရဲ့ လက်ထောက်နည်းပြအဖြစ် ယူနိုက်တက်အသင်းမှာ ၂ နှစ်ကြာ ရှိခဲ့ပြီး ၂၀၁၈ ဇန်နဝါရီမှာ ဝေးလ်စ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1195
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉
ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ပေါင်း ၂.၄၅ သန်း ရောင်းချခဲ့ရကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က သြဂုတ်လ ၁၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လ ၅ ရက်ကနေ ၁၆ ရက်အထိ နောက်ဆုံးချထားမှုအပိုင်းမှာ ဒီထဲက ၁ သန်းခွဲကျော်ရောင်းချခဲ့ရတာပါ။
“ကာတာ၊ဆော်ဒီအာရေဗျ၊ အမေရိကန်၊ မက္ကဆီကို၊ ယူအေအီး၊ အင်္ဂလန်၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဝေးလ်စ်နဲ့ သြစတြေးလျတို့မှာရှိတဲ့ ပရိသတ်တွေဟာ လတ်မှတ်အများဆုံးရရှိနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်ကနေ တန်းစီ နေတာလို့” ဖီဖာက ထုတ်ပြန်ခဲ့ပါတယ်။
ကင်မရွန်းနဲ့ ဘရာဇီးလ်၊ ဘရာဇီးလ်နဲ့ ဆားဘီးယား၊ ပေါ်တူဂီနဲ့ ဥရုဂွေး၊ ကော်စတာရီကာနဲ့ ဂျာမနီ၊ သြစတြေးလျနဲ့ ဒိန်းမတ်တို့ရဲ့ ပွဲတွေဟာ ခွဲဝေပေးထားတဲ့ လက်မှတ်အရေအတွက် အများဆုံးအုပ်စုပွဲစဉ်တွေဖြစ်တယ်လို့ ဖီဖာက ပြောခဲ့တာဖြစ်ပါတယ်။နောက်ထပ်ရောင်းချမှုအဆင့်ကိုတော့ စက်တင်ဘာလနှောင်းပိုင်းမှာ ကြေညာသွားမယ် လို့လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထပ်မံပြောခဲ့တာပါ။ကမ္ဘာ့ဖလားပြိုင်ပွဲကို အရင်က နိုဝင်ဘာလ ၂၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အိမ်ရှင်အသင်းနဲ့ ပြိုင်ပွဲကို စတင်ချင်တာကြောင့် တစ်ရက်စောပြီး နိုဝင်ဘာလ ၂၀ ရက်မှာ ကျင်းပ သွားမှာပါ။အဲဒါကြောင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအပြီးမှာ အိမ်ရှင်ကာတာနဲ့ အီကွေဒေါတို့ဟာ ဒီပြိုင်ပွဲရဲ့ အဖွင့် ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံး ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တာကြောင့် နွေအပူဒဏ်ကို ရှောင်ရှားနိုင်ရန် ပုံမှန်ကျင်းပနေကျ ဇွန်လမှာ မကျင်းပတော့ဘဲ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ အသင်းပေါင်း ၃၂ သင်းနဲ့ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိချန်ပီယံကတော့ ပြင်သစ်အသင်း ဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 956
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ကြာသပတေးနေ့က ကလပ်ရဲ့ လေ့ကျင့်ရေးကွင်း အပြင် ဘက်မှာ သူ့ရဲ့နာရီ အခိုးခံလိုက်ရတယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီနာရီဟာ ပေါင် ၆၀,၀၀၀ နီးပါး တန်ကြေးရှိပြီး လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းနဲ့ ညနေပိုင်း လေ့ကျင့်ခန်း မဆင်းခင် ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်တာမှာ လုယူခံခဲ့ရတာပါ။
လီဝန်ဒေါစကီးဟာ သူ့ရဲ့ ကားတံခါးကို ဖွင့်ပြီး လက်မှတ်ထိုးပေးနေတဲ့ အချိန်မှာ သူခိုးဖြစ်သူက နာရီကို လုယူသွား ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပိုလန်တိုက်စစ်မှူးဟာ သူခိုးနောက်ကို ပြေးပြီးလိုက်ကာ နာရီပြန်ရဖို့ ကြိုးစားခဲ့ တယ်လို့ နိုင်ငံတကာ အားကစား သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့က သံသယရှိတဲ့သူကို အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ပြီး လီဝန်ဒေါစကီးဟာ သူ့နာရီကို ချက်ချင်းပြန် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ လီဝန်ဒေါစကီးဟာ ဆိုစီဒက်အသင်းနဲ့ ကစားမယ့် လာလီဂါပွဲစဉ်အတွက် ဘာစီလိုနာ အသင်းနဲ့ လေ့ကျင့်မှု ပြုုလုပ်ခဲ့တာပါ။

လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (Sports)
အသက် ၃၃ နှစ် အရွယ်ရှိ လီဝန်ဒေါစကီးဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ၈ ရာသီကြာ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းကို စွန့်ခွာကာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ဗယ်လက်ကာနိုနဲ့ ကစားခဲ့တဲ့ ရာသီသစ် လာလီဂါ အဖွင့်ပွဲစဉ်မှာ ဘာစီလိုနာအတွက် ပါဝင် ကစားခဲ့ပြီး ဒီပွဲကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ပိုလန်တိုက်စစ်မှူးက ဒီပွဲဟာ အရင်ကလပ်မှာ ကစားခဲ့တဲ့ ကစားနည်းနဲ့ ကွဲပြားကြောင်း ဖွင့်ဟခဲ့ပါတယ်။
လီဝန်ဒေါစကီးက “သူတို့ရဲ့ ဂိုးဧရိယာထဲမှာ ကစားသမား ၆ ဦးက ကျနော့် တစ်ယောက်ထဲကိုပဲ လိုက်ပြီး ကပ် ကစား နေတာကို တော်တော်လေး အံ့အားသင့်မိပါတယ်။ ဘွန်ဒစ်လီဂါမှာ ဒီလိုပုံစံ မရှိပါဘူး။ ဒါက ဘောလုံးကို ဆန့်ကျင်တဲ့ နည်းပါ။ ဒီလိဂ်မှာ ဒီလိုမျိုးကစားတာ ဒီတစ်သင်းတည်းပဲ ဖြစ်ဖို့ မျှော်လင့်ကြောင်း” ပြောပါတယ်။
လီဝန်ဒေါစကီးဟာ ဆိုစီဒက်နဲ့ ပွဲမှာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံး ဂိုးသွင်းယူနိုင်ဖို့နဲ့ အသင်းနိုင်ပွဲရဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1085
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉
ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ ကူကူရယ်လ်လာကို စပါးအသင်း နောက်ခံလူ ရိုမဲရိုးက ဆံပင်ဆွဲခဲ့ပြီးနောက် ကွင်းလယ် ဒိုင်လူကြီး အန်တိုနီတေလာကို ကွင်းဘေးရှိ မော်နီတာမှာ စစ်ဆေးဖို့ မတောင်းဆိုခဲ့တာက သူ့အမှား ဖြစ်တယ်လို့ မိုက်ဒိန်းက ဝန်ခံလိုက်ပါတယ်။
VAR တာဝန်ရှိသူအဖြစ် ဆောင်ရွက်ခဲ့တဲ့ မိုက်ဒိန်းက “စက္ကန့်အနည်းငယ်အတွင်းမှာ ရိုမဲရိုးက ကူကူရယ်လ်လာ ကို ဆံပင်ဆွဲခဲ့တာကို ပြန်လေ့လာခဲ့ရပါတယ်။ ဒါကို ကြမ်းတမ်းတဲ့လုပ်ရပ်လို့ မယူဆခဲ့ပါဘူး။ ကျနော်က VAR ဖြစ်နေတော့ ပြစ်ဒဏ်ဘော ကန်ခွင့်ပေးလို့ မရဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အနီကတ် ပြသလို့ရအောင် ပြန်သုံးသပ်ဖို့ ဒိုင်လူကြီး တေလာကို အကြံပေးလို့တော့ ရပါတယ်။ ဒီရုပ်သံဖိုင်ကို ပြန်လေ့လာပြီး တခြားဒိုင်လူကြီး တွေနဲ့ စကား ပြောတဲ့အခါမှာ ဒိုင်လူကြီးကို မော်နီတာ သွားရောက်ကြည့်ဖို့ တောင်းဆိုခဲ့သင့်ပါတယ်”လို့ The Mail ကော်လံမှာ ရေးသားခဲ့တာပါ။
ဒီအဖြစ်အပျက်မှာ VAR က အရေးမယူဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဟာရီကိန်းက စပါးအတွက် အရေးပါတဲ့ ချေပဂိုး ကို သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ဟာ တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးက တူချယ်လ်ကို အနီကတ်ပြနေစဉ် (SPORTbible)
ဒီပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြ တူချယ်လ်ဟာ ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နောက်လာမယ့် ချယ်လ်ဆီးပွဲမှာ သူ့ကို တာဝန်မပေးဖို့အထိ ပြောခဲ့ပါတယ်။
ဒီလိုပြောခဲ့တာကြောင့် တူချယ်လ်ကို အက်ဖ်အေက အရေးယူဖို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါ့အပြင် တူချယ်လ်နဲ့ ကွန်တီတို့ဟာ ပွဲအပြီး လက်ဆွဲနှုတ်ဆက်တာမှာ ပြဿနာဖြစ်ခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးက သူတို့နှစ်ဦးစလုံးကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
အက်ဖ်အေကလည်း ဒီလို အပြုအမူတွေဟာ မလုပ်သင့်တဲ့ အပြုအမူတွေဆိုပြီး တူချယ်လ်နဲ့ ကွန်တီကို စွဲချက် တင် ထားပါတယ်။ ဒါ့အပြင် စပါးအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင် ထောင့်ကန်ဘော ကန်ဖို့သွားတဲ့ အချိန်မှာ လူမျိုးရေး ခွဲခြားမှု ပြုလုပ်ခဲ့လို့ ချယ်လ်ဆီးအသင်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
မိုက်ဒိန်းက “ခင်ဗျား ဘယ်လောက်ပဲ အတွေ့အကြုံရှိပါစေ၊ ပရီးမီးယားလိဂ် တာဝန်ရှိသူ အနေနဲ့ ဆယ်စုနှစ် ၂ ခု ကျော် ဖြတ်သန်းခဲ့တာတောင် အမြဲတမ်း သင်ယူနေရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျနော့်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ဒိုင်လူကြီးရဲ့ဘဝပါပဲ”လို့ ရေးသားခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1290
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉
ယူနိုက်တက်အသင်းဟာ ရီးရယ်လ်မက်ဒရစ်အသင်းရဲ့ အဓိက ကွင်းလယ်လူ ကတ်စမဲရိုးကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီး သောကြာနေ့မှာ ဆေးစစ်မှုခံယူမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ကတ်စမဲရိုးအတွက် ရီးရယ်လ်အသင်းကို ပေါင်သန်း ၆၀ ပေးချေရမှာဖြစ်ပြီး စာချုပ် သက်တမ်းကုန်ဆုံးရင် နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။စပိန်သတင်းစာ မာကာက ကတ်စမဲရိုးဟာ ရီးရယ်လ်အသင်းရဲ့ ခွင့်ပြုချက်နဲ့ သောကြာနေ့မှာ ဆေးစစ်မှုခံယူဖို့ မန်ချက်စတာကို သွားရောက် မယ်လို့ ဖော်ပြခဲ့ပြီး အပြောင်းအရွှေ့ဟာ လျင်မြန်စွာဖြစ်ပျက်နေတာပါ။
ရီးရယ်လ်အသင်းဥက္ကဌ ပီရတ်ဇ်ကလည်း ကတ်စမဲရိုးကို စိတ်ကြိုက်ဆုံးဖြတ်ခွင့်ပေးပြီးနောက် ကစားသမားဟာ နည်းပြ အန်ဆယ်လော့တီနဲ့ တွေ့ဆုံကာ ယူနိုက်တက်ကို ပြောင်းချင်တဲ့ ဆုံးဖြတ်ချက်ကို ပြောခဲ့တာပါ။အသက် ၃၀ အရွယ်ရှိ ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ရီးရယ်လ်အသင်းမှာရတဲ့ လုပ်ခလစာထက် ၂ ဆဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀(သုံးသိန်းခွဲ) ရရှိမှာပါ။အဲဒါကြောင့် ဘရာဇီးလ်ကစားသမားဟာ မန်ချက်စတာ ကလပ်မှာ လုပ်ခလစာအများဆုံးရတဲ့သူတစ်ဦးဖြစ်လာမှာပါ။

သူ့ရဲ့အထက်မှာ အများဆုံးရတဲ့သူတွေအဖြစ် ရော်နယ်ဒိုက ပေါင် ၄၈၀,၀၀၀(လေးသိန်းရှစ်သောင်း) နဲ့ ဒီဂီယာက ပေါင် ၃၇၅,၀၀၀(သုံးသိန်းခုနှစ်သောင်းခွဲ) ဖြစ်တယ်လို့ သိရပါတယ်။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယား လိဂ်အဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် နည်းပြ တန်ဟတ်က လိုအပ်နေတဲ့နေရာတွေမှာ ကစား သမားအင်အားဖြည့်တင်းပေးဖို့ အသင်းထံ ပြောခဲ့တာပါ။
အဲဒါကြောင့်လည်း အပြောင်းအရွှေ့ မပိတ်ခင် ၂ ပတ်အလိုမှာ ကစားသမားသစ်ရရှိဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကတ်စမဲရိုးကို အမြန်ဆုံးစာချုပ်ချုပ်ပြီး လီဗာပူးလ်နဲ့ ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပါဝင်နိုင်ဖို့အထိ ရည်ရွယ်ထားတာပါ။ကတ်စမဲရိုးဟာ ရီးရယ်လ်အသင်းမှာ ကစားတဲ့ ၉ ရာသီအတွင်းမှာ ချန်ပီယံ လိဂ် ၅ ကြိမ်အပါအဝင် ဆုဖလား ၁၈ ခုအထိ ရယူနိုင်ခဲ့ပြီး မိုဒရစ်၊ တိုနီကရူးစ်နဲ့အတူ ကွင်းလယ်အသက်သွေး ကြောဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်မှူး၊ ညာနောက်ခံလူနဲ့ အရန်ဂိုးသမားတစ်ဦးကို ခေါ်ယူဖို့ ဈေးကွက်မှာ ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။အဲဗာတန်ဂိုးသမား ဘီဂိုဗစ်ကို ဒီဂီယာရဲ့ အရန်ဂိုးသမား အဖြစ်ထားရှိဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1279
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈
ပြီးခဲ့တဲ့ အပတ်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆွန်ဟောင်မင်ကို ရည်ရွယ်တဲ့ လူမျိုးရေး ခွဲခြားမှုနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါ တယ်။
ဆွန်ဟောင်မင်ဟာ ဒုတိယပိုင်း ထောင့်ကန်ဘော ကန်သွင်းမှု ပြုလုပ်ခဲ့ချိန်မှာ ဒီဖြစ်ရပ်ဟာ မေးခွန်းထုတ်စရာ ဖြစ်သွားခဲ့ပါတယ်။
The Athletic က ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားနေတဲ့ အမူအရာပြ ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့တယ်လို့ ဖော်ပြခဲ့ ပါတယ်။ ဆွန်ဟောင်မင်ဟာ အရင်ကလည်း အင်္ဂလန်မှာ လူမျိုးရေး ခွဲခြားမှုတွေ ခံခဲ့ရပါသေးတယ်။
ယူနိုက်တက်အသင်းက စပါးအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာ ဆွန်ဟောင်မင်ကို အွန်လိုင်းပေါ်မှာ လူမျိုးရေး ခွဲခြားမှု ပြုလုပ်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ယူနိုက်တက်ရဲ့ တစ်ရာသီစာ လက်မှတ် ကိုင် ဆောင် ထားတဲ့သူ ၃ ဦးကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
ဒီမတိုင်ခင် ၂ နှစ်လောက်ကလည်း ဝက်စ်ဟမ်း ပရိသတ်တစ်ဦးဟာ ကာရာဘောင်း ဖလားပွဲစဉ်မှာ ဆွန်ဟောင်မင် ကို လူမျိုးရေး ခွဲခြားမှုပြုလုပ်ခဲ့လို့ ဒဏ်ရိုက်ခံခဲ့ရတာပါ။

ဆွန်ဟောင်မင် ဒေါင့်ကန်ဘော ကန်ဖို့အသွား လူမျိုးရေးခွဲခြားခံရ
ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ၂ ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ နည်းပြ တွေဖြစ်တဲ့ တူချယ်လ်နဲ့ ကွန်တီတို့ဟာ ပွဲချိန်အတွင်းမှာ အချင်းများခဲ့ကြသလို ပွဲအပြီး လက်ဆွဲ နှုတ်ဆက်တာ မှာလည်း ပြဿနာတက်ခဲ့ကြလို့ ကွင်းလယ်ဒိုင်လူကြီးက အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရတာပါ။
ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုရ ပထမဆုံး အာရှ ကစား သမား အဖြစ်လည်း မှတ်တမ်းဝင် ထားပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ၂၀၂၂ ဘောလွန်းဒီအောဆုရဲ့ ဆန်ကာတင် စာရင်းမှာ ပါဝင်ထားပါတယ်။
တောင်ကိုရီးယား ကစားသမားဟာ ဒီရာသီမှာလည်း ပုံစံကောင်းတွေကို ဆက်ထိန်းထားပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၁ ပွဲ သရေရလဒ် ရရှိထားတဲ့ စပါးအသင်းဟာ ဒီတစ်ပတ်မှာတော့ ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 986
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈
ဂျပန်နိုင်ငံရဲ့ အစိုးရရှေ့နေတွေဟာ လာဘ်ပေးလာဘ်ယူမှု သံသယနဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဘုတ်အဖွဲ့ဝင် ဟောင်း တာကာဟာရှီကို ဖမ်းဆီးခဲ့တယ်လို့ Asahi Shimbun သတင်းစာမှာ ဖော်ပြထားပါတယ်။
တာကာဟာရှီဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲအတွက် ဝတ်စုံလက်လီ ရောင်းချသူနဲ့ စပွန်ဆာပေးသူ Aoki Holdings ထံကနေ ယန်းငွေဘီလီယံ ရာနဲ့ချီတဲ့ လာဘ်ငွေကြေးတွေ ရရှိခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တာလို့ Asah Shimbun က ရေးသား ဖော်ပြထားပါတယ်။
တာကာဟာရှီ အပြင် အစိုးရရှေ့နေတွေဟာ Aoki Holdings ဥက္ကဋ္ဌဟောင်း ဟီရိုနိုရီနဲ့ အခြားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဇူလိုင်လကုန်ပိုင်းက စုံစမ်းစစ်ဆေးသူတွေဟာ တာကာဟာရှီရဲ့ နေအိမ်နဲ့ ဂျပန်ကြောငြာ ကုမ္ပဏီ Dentsu Group ရဲ့ ရုံးခန်းကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။
တာဟာဟာရှီဟာ Dentsu Group ရဲ့ အမှုဆောင်ဟောင်း ဖြစ်တယ်လို့ သိရပါတယ်။ Aoki Holdings က တာကာဟာရှီကို ဒေါ်လာ ၁ သန်းကျော် ပေးချေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး တိုကျိုရှိ အစိုးရ ရှေ့နေတွေက စုံစမ်းစစ်ဆေးနေပါတယ်။

တိုကျိုအိုလံပစ်ပြိုင်ပွဲ (JRT Post)
Aoki ဟာ ၂၀၁၇ က Dentsu လက်အောက်ခံ ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၁.၇ သန်းပေးချေခဲ့ပြီး ဒီငွေတွေကို တာကာဟာရှီ လည်ပတ်နေတဲ့ ကုမ္ပဏီထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ Nikkei စီးပွားရေး နေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။
ယန်း သန်းပေါင်းများစွာကို အားကစားအဖွဲ့အစည်း နှစ်ခုထံ အမှန်အကန် လွှဲပြောင်း ပေးခဲ့ပေမယ့် တာကာဟာရှီ ရဲ့ ကုမ္ပဏီက လက်ကျန် ဒေါ်လာ ၁.၁ သန်းကို သိမ်းဆည်းထားတယ်လို့ Nikkei က ဖော်ပြခဲ့ပါတယ်။
တာကာဟာရှီဟာ ၂၀၁၃ နဲ့ ၂၀၁၄ မှာ ထုတ်ဖော် ပြသခြင်း မရှိတဲ့ လှုပ်ရှားမှုတွေအတွက် ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲ လေလံကော်မတီထံကနေ အမေရိကန်ဒေါ်လာ ၈ သန်းကျော် ရရှိခဲ့တယ်လို့ ၂၀၂၀ ခုနှစ်၊ မတ်လမှာ ရိုက်တာက ဖော်ပြခဲ့ပါတယ်။
တာကာဟာရှီရဲ့ အရှုပ်တော်ပုံနဲ့ အခုသတင်းပတ်အတွင်း ဖမ်းဆီးမှုဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ အမွေအနှစ်ကို ညှိုးနွမ်းစေခဲ့ပါတယ်။ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်နောက်ကျပြီးမှ ကျင်းပခဲ့ရပါတယ်။
Source: အာတီ
- By CNI
- Category: အားကစား
- Hits: 1430
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈
စနေနေ့ညမှာ ထိုးသတ်မယ့်ပွဲစဉ်မှာ အူဆက်ခ်ကိုထပ်ပြီး အရေးနိမ့်ခဲ့မယ်ဆိုရင် လက်ဝှေ့ကနေ အနားယူမယ် ဆိုတဲ့ ထင်ကြေးတွေကို အန်သိုနီဂျိုရွှာက ငြင်းဆန်လိုက်ပါတယ်။
အန်သိုနီဂျိုရွှာက “ကျနော်အနားယူဖို့ မစဉ်းစားထားပါဘူး။ကျနော့်ဘဝရဲ့ အကြီးမားဆုံး ထိုးသတ်ပွဲတွေ ကြုံတွေ့ ခဲ့ရပြီး အနားယူဖို့ စဉ်းစားနေခဲ့တယ်ဆိုရင် စိတ်ထဲမှာ သံသယကြီးကြီးမားမား ဖြစ်သွားပါလိမ့်မယ်။ ကမ္ဘာ့ အကောင်းဆုံးတိုက်ခိုက်ရေးသမားကို ရှုံးနိမ့်တဲ့အချိန်မှာ အနားယူမယ်လို့ ပြောတာက မိုက်မဲရာကျပါတယ်။ လူတွေရဲ့ထင်မြင်မှုကိုတော့ ကျနော်လေးစားပေမယ့် အနားယူမှာမဟုတ်ဘူးလို့” ပြောခဲ့တာပါ။
ဆော်ဒီမှာထိုးသတ်မယ့် ဂျိုရွှာနဲ့ အူဆက်ခ်တို့ရဲ့ မကျေပွဲအတွက် ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ပထမအကြိမ်အဖြစ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက လန်ဒန်မှာ ထိုးသတ်ခဲ့တုန်းက အူဆက်ခ်က အမှတ်နဲ့အနိုင်ရပြီး အန်သိုနီဂျိုရွှာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ဒုတိယမြောက်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။ဗြိတိန်ဟဲဗီးဝိတ်သမားဟာ ရှုံးပွဲနဲ့အတူ IBF, WBO နဲ့ WBA ချန်ပီယံခါးပတ်တွေပါ အူဆက်ခ်ကို ပေးခဲ့ရတာဖြစ်ပါတယ်။

အန်သိုနီဂျိုရွှာကတော့ ချန်ပီယံခါးပတ်တွေ ပြန်ရအောင်ယူဖို့ အာရုံစိုက်နေခဲ့ပေမယ့် ဒီပွဲရှုံးနိမ့်ခဲ့ရင် လက်ဝှေ့လော က ကနေ ထွက်ခွာရနိုင်ကြောင်း ကမ္ဘာ့ချန်ပီယံဟောင်းတွေက ပြောထားကြတာပါ။
ဒါပေမယ့် အန်သိုနီဂျိုရွှာ ကတော့ လက်ဝှေ့ကြိုးဝိုင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားခြင်းမရှိပါဘူး။ “ဒါက ကျနော့်ရဲ့ ၁၂ ကြိမ် ဆက်တိုက် ကမ္ဘာ့ချန်ပီယံထိုးသတ်ပွဲဖြစ်ပြီး ဒါက ကမ္ဘာ့အဆင့်ဖြစ်လို့ ကမ္ဘာ့အဆင့်ရှိတဲ့ ပြိုင်ဘက်တွေနဲ့ ထိုးသတ်ရမှာပါပဲ။ ဒါက ကျနော့်အတွက် တတိယမြောက်အိုလံပစ်ရွှေတံဆိပ်ဆုဖြစ်ပေမယ့် ဒီနေရာမှာ ဖျော်ဖြေသွားမှာပါ” လို့ အန်သိုနီဂျိုရွှာက ပြောခဲ့တာပါ။
အူဆက်ခ်က “ဒီပွဲမှာ ကျနော်ပိုပြီးကောင်းမွန်လာမှာပါ။ပထမပွဲတုန်းက ကျနော်တို့ အချင်းချင်းသင်ယူခဲ့ကြရ တယ်။သူကလည်း ကျနော့်ဆီကသင်ယူပြီး၊ ကျနော်ကလည်း သူ့ဆီက သင်ယူပါတယ်။ကျနော်တို့ဟာ တိုက်ခိုက် ရေးသမားအသစ်တွေမဟုတ်သလို ပြိုင်ဆိုင်မှုအသစ်လည်း မဟုတ်ပါဘူး။စာကျက်ဖို့ အချိန်အလုံအလောက် ရထားပြီးဖြစ်လို့ စနေနေ့ညဟာ ကောင်းမွန်တဲ့ည ဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
ဒီပွဲကို သြဂုတ်လ ၂၀ ရက်မှာ ထိုးသတ်သွားမှာဖြစ်ပြီး အနိုင်ရတဲ့သူဟာ တိုင်ဆန်ဗျူရီအနားယူသွားလို့ လစ်လပ် ခဲ့တဲ့ The Ring ဟဲဗီးဝိတ်ခါးပတ်ကိုလည်း ရရှိမှာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1269
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈
ဗြိတိန်ဘီလျံနာ တစ်ဦးဖြစ်တဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်က ယူနိုက်တက်အသင်းကို ဝယ်ယူချင်နေတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြု လိုက်ပါတယ်။
ရက်ကလစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “တကယ်လို့ ယူနိုက်တက်ကို ရောင်းချမယ်ဆိုရင် ဂျင်မ်က ဝယ်ယူဖို့ အလားအလာ ရှိတဲ့သူဆိုတာ အသေအချာပါပဲ။ ဒီလိုမျိုး ဖြစ်လာခဲ့မယ်ဆိုရင်တော့ ရေရှည်ပိုင်ဆိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ကျနော်တို့ဘက်က စိတ်ဝင်စားတယ်”လို့ The Times ကို ပြောခဲ့ပါတယ်။
ဂလေဇာ မိသားစုဟာ ယူနိုက်တက်ရဲ့ အစုရှယ်ယာ အနည်းစုကို ရောင်းချဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ရက်ကလစ်ဖ်ရဲ့ စိတ်ဝင်စားမှုဟာ အခုလို ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂ ပွဲ ကစားအပြီးမှာ၂ ပွဲစလုံး အရေးနိမ့်ကာ အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာကြောင့် ဂလေဇာမိသားစုရဲ့ အသင်းအပေါ် ရင်နှီးမြှပ်နှံမှု မရှိတာကို ပရိသတ် တွေက စိတ်ပျက်နေကြတာပါ။
ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာခဲ့တဲ့ ၂၀၁၃ ကတည်းက ရုန်းကန်ခဲ့ရပြီး ၂၀၁၇ နောက် ပိုင်း ဆုဖလားလက်မဲ့ ရာသီတွေကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့ နှစ်တွေက ဂလေဇာ မိသားစုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ယူနိုက်တက် ပရိသတ်တွေက ပြုလုပ်လာခဲ့ကြပါတယ်။

ယူနိုက်တက်အသင်း (Football365)
ယူနိုက်တက်အသင်း ပရိသတ်တွေဟာ တနင်္လာနေ့ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယား လိဂ်ပွဲစဉ်မှာ ဂလေဇာမိသားစုကို ဆန္ဒပြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
ရက်ကလစ်ဖ်ဟာ ဓာတုဗေဒအုပ်စု Ineos ရဲ့ ရှယ်ယာ အများဆုံး ပိုင်ဆိုင်တဲ့သူဖြစ်ပြီး ငယ်ဘဝကတည်းက ယူနိုက်တက် ပရိသတ်အဖြစ် ရှိခဲ့တာပါ။ သူဟာ ဘောလုံးအသင်းတွေဖြစ်တဲ့ ပြင်သစ်ကလပ် နိုက်စ်နဲ့ ဆွစ်ဇာလန် ကလပ်တစ်သင်းကို ပိုင်ဆိုင်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်က ယူနိုက်တက်ကို ဝယ်ယူမယ်လို့ နောက်ပြောင် ခဲ့ပါသေးတယ်။ ရက်ကလစ်ဖ်ဟာ ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ချ် ရောင်းချပြီးနောက် ပေါင် ၄.၂၅ ဘီလီယံ နဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ဘဲ ဖြစ်ခဲ့ပါသေးတယ်။
အဲဒီ အချိန်ကတည်းက ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်အဖြစ် ရှိနေဆဲဖြစ်တယ်လို့ BBC Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းက ရောင်းချလိုခြင်း မရှိတာကြောင့် ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှု မပြုလုပ်ခဲ့ ရတာလို့ ရက်ကလစ်ဖ်က ပြောပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1190
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇
အင်္ဂလန်ချန်ပီယံရှစ်ကလပ် နောဝစ်ချ်အသင်းဟာ လုံခြုံရေးစိုးရိမ်မှုတွေကြားက ဒီရာသီ Carrow Road မှာ ၂ နှစ် အောက်ကလေးတွေကို ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ အော်ဟစ်အားပေးမှုကြောင့် ထွက်ပေါ်လာတဲ့ ဆူညံသံတွေဟာ ကလေးငယ်တွေရဲ့ အကြားအာရုံ ကို ထိခိုက်စေနိုင်တယ်လို့ သုတသနပြုချက်တွေအရ အခုလို ပိတ်ပင်ခဲ့တာလို့ နော်ဝစ်ချ်အသင်းက ပြောခဲ့တာပါ။ လူငယ်ပရိသတ်တွေရဲ့ ဆူညံသံဟာ ရေရှည်အကျိုးသက်ရောက်မှုအတွက် စိုးရိမ်မှုတွေ ပိုပြီးတိုးလာတာကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက အက်ဖ်အေရဲ့ ပွဲတွေမှာ အသက် ၂ နှစ်အောက်ကလေးတွေကို ကြည့်ရှုခွင့် ပိတ်ပင်ကြောင်း ဝင်ဘာလေက ကြေညာခဲ့ပါတယ်။
ဝက်ဖိုဒ့်အသင်းကလည်း သူတို့ရဲ့ အိမ်ကွင်းမှာ အော်တစ်ဇင်ပရိသတ်တွေအတွက် အာရုံခံဧရိယာကို တပ်ဆင် ထားခဲ့တာပါ။အားပေးသူပရိသတ်တွေနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျဆောင်ရွက်ဖို့ ကလပ်အသင်းတွေ ကြားမှာ လမ်းကြောင်းအသစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။နော်ဝစ်ချ်အသင်းဟာ ဝင်ဘာလေ ကိုယ်စားလှယ် တွေနဲ့ စကားပြောခဲ့ပြီး ဆုံးဖြတ်ချက်မချခင်မှာ သုတေသီတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တာပါ။

နော်ဝစ်ချ်အသင်းက “အသက် ၂ နှစ်အောက်ကလေးတွေကို အားကစားကွင်း လာရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က အသက် ၂ နှစ်အောက်ကလေးတွေကို ထိခိုက်မှုနဲ့ ကြီးမားတဲ့အန္တရာယ်ကနေ ကာကွယ်ဖို့ လုပ်ခဲ့တာပါ။အသင်းအနေနဲ့ ပွဲနေ့တွေမှာ ပရိသတ်တွေကို ဘေးကင်းအောင် ပြုလုပ်ဖို့ ကတိပြုထားပါတယ်”လို့ ပြောခဲ့ပါတယ်။
EFL ကတော့ သူတို့ဟာ ကလပ်အသင်းတွေရဲ့ ပွဲတွေမှာ ကလေးသူငယ်တွေ ဝင်ရောက်မှုနဲ့ပတ်သက်ပြီး တစုံတရာ အကြံပြု ထုတ်ပြန်ထားခြင်းမရှိကြောင်း ပြောခဲ့ပါတယ်။ဒါပေမယ့် ကလပ်အသင်းတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် မူဝါဒ၊ လမ်းညွှန်ချက်တွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးလို့ရတယ်လို့ ပြောခဲ့ပါတယ်။ နော်ဝစ်ချ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းပြီး ဒီရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားနေရတာပါ။
နော်ဝစ်ချ်အသင်းဟာ ချန်ပီယံရှစ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံး ရမှတ် ၄ မှတ်နဲ့ အမှတ်ပေး ဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:TheSun
