CNI International Article
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မွန်ရိုးဝါဒ (Monroe Doctrine) ကို ပြန်လည် အသက် သွင်းပြီး ၎င်း၏အမည်နှင့် ပေါင်းစပ်ကာ ဒွန်ရိုးဝါဒ (Donroe Doctrine) ဟု အမည်ပြောင်းလဲလိုက်ခြင်းသည် အမေရိကန်အစိုးရ အနေဖြင့် ၂၁ ရာစု၏ လက်တွေ့ကျသော အင်အားချိန်ခွင်လျှာ အပြောင်းအလဲနှင့် လိုက်လျော ညီထွေ မဖြစ်မှုကို ပြသနေသည့် နောက်ထပ် သာဓကတစ်ခုဖြစ်သည်။
မွန်ရိုးဝါဒဆိုသည်မှာ ၁၈၂၃ ခုနှစ်တွင် အမေရိကန်သမ္မတ ဂျိမ်းစ် မွန်ရိုး (James Monroe) လက်ထက်က စတင် ကျင့်သုံးခဲ့သည့် “အမေရိကတိုက်အတွင်း ဥရောပနိုင်ငံများ ဝင်ရောက် မစွက်ဖက်ရ” ဆိုသည့် ဝါဒဖြစ်သည်။
ယခုအခါတွင် ထရမ့်၏ အမည် Donald ၏ရှေ့စာလုံး Don ဟူသည့် စကားလုံးနှင့် Monroe ၏အမည် နောက်ဆုံး စာလုံးသုံးလုံး roe တို့ကို ပေါင်းကာ ထရမ့်၏ နိုင်ငံခြားရေးမူဝါဒကို ဒွန်ရိုးဝါဒ (Donroe Doctrine) ဟု ရည်ညွှန်း ဖော်ပြခြင်းဖြစ်သည်။
သို့သော် ထရမ့်က ဒွန်ရိုးဝါဒကို ပိုမိုပြင်းထန်သည့် ပုံစံဖြင့် ပြန်လည် အသက်သွင်းခဲ့ပြီး ယခုတစ်ကြိမ်တွင် ဥရောပ သာမက တရုတ်နှင့် ရုရှားတို့၏ သြဇာလွှမ်းမိုးမှုကိုပါ တားဆီးရန် ရည်ရွယ်သည်။
မကြာသေးမီက ထရမ့်၏ ကြေညာချက်ဖြစ်သော “Trump Corollary” တွင် အမေရိကန် လူထုသည် မိမိတို့ အနောက်ကမ္ဘာခြမ်း၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင်သာ ဆုံးဖြတ်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများ သို့မဟုတ် ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့အစည်းများကို ဝင်ရောက်စွက်ဖက်ခွင့် ပြုမည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။
ထိုကြေညာချက်သည် အမေရိကန် ပြည်တွင်းရှိ အမျိုးသားရေးဝါဒီများအကြိုက် ဖြစ်နိုင်သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း လက်တင်အမေရိက၏ စီးပွားရေးနှင့် နိုင်ငံရေး ပြောင်းလဲလာမှုများကို အခြေခံမှစပြီး မှားယွင်းစွာ အကဲဖြတ်ထားခြင်း ဖြစ်သည်။
ထိုကြေညာချက်သည် အနောက်ကမ္ဘာခြမ်း (Western Hemisphere) ကို အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးအရ အလုံးစုံ ထိန်းချုပ်ထားရမည်ဟုဆိုသည့် နယ်ချဲ့ဝါဒသစ် (Neo-imperialist vision) တစ်ခုသာ ဖြစ်သည်။
ပြဿနာမှာ အမေရိကန် အနေဖြင့် လေယာဉ်တင်သင်္ဘော မည်မျှပင် စေလွှတ်ထားသည်ဖြစ်စေ၊ ကုန်သွယ်ခွန် (Tariffs) များဖြင့် မည်မျှပင် ခြိမ်းခြောက်သည်ဖြစ်စေ ထိုကဲ့သို့သော ထိန်းချုပ်နိုင်စွမ်းမျိုးသည် လက်ရှိတွင် မရှိနိုင်တော့ခြင်းပင် ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
¤ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် လက်တွေ့အခြေအနေ
တရုတ်နိုင်ငံနှင့် ပတ်သက်သည့် လက်တွေ့ အခြေအနေသည် ထရမ့်၏ မူဝါဒနှင့် မြေပြင် အခြေအနေအကြား အထင်ရှားဆုံးသော ပဋိပက္ခတစ်ခု ဖြစ်နေသည်။
ထရမ့်အစိုးရသည် တရုတ်နိုင်ငံကို ဒေသတွင်းရှိ အဓိက ခြိမ်းခြောက်မှု ၃ ခုအနက် တစ်ခုအဖြစ် သတ်မှတ်ထားပြီး အနောက်ကမ္ဘာခြမ်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချရန် ပြတ်သားစွာ ရည်ရွယ်ထားသည်။
သို့သော် လက်တွေ့တွင်မူ တရုတ်နိုင်ငံသည် ကိုလံဘီယာမှလွဲ၍ တောင်အာဖရိကတိုက်ရှိ နိုင်ငံတိုင်း၏ အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေပြီဖြစ်သည်။
ထိုအခြေအနေသည် တရုတ်၏ ဆိုးရွားသည့် စီမံကိန်းကြာင့် ဖြစ်လာခြင်း မဟုတ်ဘဲ တရုတ်၏ စီးပွားရေး အင်အား ကြီးထွားလာမှုနှင့် လက်တင်အမေရိက နိုင်ငံများက ၎င်းတို့၏ စီးပွားရေးကို နည်းလမ်းမျိုးစုံနဲ့ ချဲ့ထွင်ပြီး အမျိုး သား အကျိုးစီးပွားကို ဖော်ဆောင်ရာမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်သည်။
ထိုအခြေအနေက ထရမ့်အတွက် ခုတ်ရာတစ်လွဲ ရှရာတခြား ဖြစ်စေခဲ့သည်။
ထရမ့်၏ ကုန်သွယ်ရေး မူဝါဒများသည် တရုတ်နိုင်ငံ၏ အနေအထားကို မရည်ရွယ်ဘဲ ပိုမိုခိုင်မာလာစေခဲ့ခြင်း ဖြစ်သည်။
ထရမ့်အစိုးရက တရုတ်ကုန်စည်များအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်လိုက်ချိန်တွင် တရုတ်ကလည်း အမေရိကန် ထဲမှ ပဲပုပ်ဝယ်ယူမှုများကို ရပ်တန့်လိုက်ပြီး အာဂျင်တီးနားနိုင်ငံထံမှ ပဲပုပ်များကို အစားထိုး ဝယ်ယူခဲ့သည်။
စီးပွားရေးအရ ဖိအားပေးခြင်းအားဖြင့် အမေရိကန်၏ လွှမ်းမိုးမှုကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းချိန်တွင် အမေရိကန်သည် ၎င်းတို့မလိုချင်သည့် ရလဒ်များကိုသာ ဖန်တီးမိနေသည့် အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရသည်။
¤ အခြေခံ အဆောက်အအုံဆိုင်ရာ မှားယွင်းသော ယူဆချက်
ဒေသတွင်း၌ အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးနေသည့် ပြည်ပကုမ္ပဏီများကို မောင်းထုတ်ရန် ကြိုးပမ်းနေခြင်းသည် ဒွန်ရိုးဝါဒ၏ မဟာဗျူဟာမြောက် ရှေ့နောက်မညီညွတ်မှုကို ဖော်ပြရာ ရောက်ခဲ့သည်။
လက်တင်အမေရိကသည် အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို အလွန်လိုအပ်နေပြီး တရုတ်နိုင်ငံက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အသင့်ရှိနေသည်။
သို့သော် အမေရိကန်ကမူ ထိုကဲ့သို့သော အရင်းအမြစ်များ သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှု လုပ်ငန်းစဉ်များကို တရုတ်လောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပေ။
ထရမ့်တွင် အစားထိုးစရာ အစီအစဉ် အတိအကျ ရှိနေပါသလား။ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဟု ခြိမ်းခြောက်ခြင်းလား။ သို့မဟုတ် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို လက်ခံသည့် နိုင်ငံများအပေါ် ကုန်သွယ်ခွန်များ ချမှတ်ခြင်းလား။ အစရှိသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
လက်ရှိအခြေအနေမှာ မွန်ရိုးဝါဒကို အကြောင်းပြပြီး မဟာဗျူဟာမြောက် မှားယွင်းစွာ စီမံခန့်ခွဲနေခြင်းသာ ဖြစ် သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် မှီခိုနေရသည့် ယနေ့ခေတ် ကာလတွင် အနောက်ကမ္ဘာခြမ်းပြင်ပမှ အင်အားကြီးနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကို ပိတ်ဆို့ပြီး အတိတ်ကို ပြန်သွားရန် ကြိုးပမ်းခြင်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
¤ ကြားဝင်စွက်ဖက်မှု ထောင်ချောက်
ဒွန်ရိုးဝါဒ၏ စစ်ရေးဆိုင်ရာ အခြေအနေတွင်လည်း အလားတူပင် ပြဿနာရှိနေသည်။
ထရမ့်အစိုးရ၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် မူးယစ်ဆေးဝါးဂိုဏ်းများကို ပစ်မှတ်ထားပြီး စစ်တပ် စေလွှတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်ရန် တောင်းဆိုထားကြောင်း၊ ဗင်နီဇွဲလားအစိုးရကို အင်အားသုံး ပြောင်းလဲရန် အထိပင် အရိပ်အမြွက် ညွှန်းဆိုထားသည်။
ထိုအချက်သည် နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟု အမည်တပ်ထားသော်လည်း လက်တွေ့ တွင်မူ အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် တဖြည်းဖြည်း နက်ရှိုင်းစွာ ဝင်ရောက်စွက်ဖက်လာမည့် စွက်ဖက်မှု ပုံစံသစ်တစ်ခု ဖြစ်သည်။
သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ရမည်ဆိုပါက သင်ခန်းစာယူစရာ အချက်များစွာ ရှိနေသည်။
မူလ မွန်ရိုးဝါဒနှင့် ၎င်းကို ထပ်မံဖြည့်စွက်ခဲ့သည့် ရုစဗဲ့ နောက်ဆက်တွဲ မူဝါဒ (Roosevelt Corollary) တို့သည် ကျူးဘား၊ နီကာရာဂွာ၊ ဟေတီနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့တွင် အမေရိကန်က ဝင်ရောက် စွက်ဖက်ရန်အတွက် တရားဝင် အကြောင်းပြချက်များ ဖြစ်ခဲ့ကြသည်။
ထိုကဲ့သို့ ဝင်ရောက် စွက်ဖက်မှုများသည် လက်ရှိအချိန်တွင် အမေရိကန်၏ အကျိုးစီးပွားကို ပြန်လည် ခြိမ်းခြောက် နေသည့် မတည်ငြိမ်မှုများ၊ မကျေနပ်ချက်များနှင့် အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်များကိုသာ ဖြစ်ပေါ်စေခဲ့ သည်။
မူးယစ်ဆေးဝါး ဂိုဏ်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း သို့မဟုတ် ဗင်နီဇွဲလားကို ခြိမ်းခြောက်ခြင်းသည် အီရတ်နှင့် အာဖဂန်နစ္စတန် စစ်ပွဲများထက် ပိုမိုကောင်းမွန်သော ရလဒ်များကို ထွက်ပေါ်လာစေလိမ့်မည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
¤ အချုပ်အခြာ အာဏာပိုင်မှုဆိုင်ရာ မေးခွန်း
ပိုမိုနက်ရှိုင်းသော ပြဿနာမှာ တရားဝင်မှု (Legitimacy) နှင့် သဘောတူညီမှု (Consent) ဆိုင်ရာ ကိစ္စရပ် ဖြစ်သည်။
အာဏာစက်ဖြင့် လွှမ်းမိုးခြင်း (Hegemony) ဆိုသည်မှာ လက်အောက်ခံ နိုင်ငံများဘက်ကလည်း အကျိုးကျေးဇူး ရှိနိုင်သည်ဟု ယူဆပြီး ပူးပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်သည်။
စစ်ရေးအရ ခြိမ်းခြောက်ခြင်းနှင့် စီးပွားရေးအရ အတင်းအကျပ် စေခိုင်းခြင်းတို့ဖြင့် လွှမ်းမိုးရန် ကြိုးပမ်းမှုသည် တော်လှန်ပုန်ကန်မှုများကိုသာ ဖြစ်စေနိုင်လိမ့်မည်။
လက်တင်အမေရိကနိုင်ငံများသည် ယခုအခါတွင် ၎င်းတို့၏ နိုင်ငံတကာ ဆက်ဆံရေးများကို နယ်ပယ်စုံ ချဲ့ထွင် ထားကြပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှ အကျိုးအမြတ် ရရှိနေကြပြီ ဖြစ်သည်။
အမေရိကန်၏ တောင်းဆိုချက်တစ်ခုတည်းဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်ကို လက်လွှတ် အရှုံးပေးကြ ဖွယ် မရှိပေ။
အပြန်အလှန် အကျိုးစီးပွားကို အခြေခံသည့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်မည့်အစား ထရမ့်၏ ဒွန်ရိုးဝါဒ သည် အမေရိကန်၏ အင်အားတစ်ခုတည်းဖြင့် ၎င်း၏ သြဇာ သက်ရောက်မှု နယ်ပယ်အတွင်းရှိ ရလဒ်များကို စိတ်တိုင်းကျ ပြဌာန်းနိုင်သည်ဟူသော ယူဆချက်ကို ကျင့်သုံးနေခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
¤ ဆုတ်ယုတ်မှုဆီ ဦးတည်နေသည့် ဗျူဟာ
သိသာထင်ရှားသည့် အချက်တစ်ခုမှာ အမေရိကန်၏ အင်အားကို ပြန်လည် တည်ဆောက်မှုအဖြစ် ကြေညာ ထားသော ဒွန်ရိုးဝါဒသည် ဒေသတွင်း အမေရိကန်၏ ဆုတ်ယုတ်မှုကိုသာ ပိုမိုမြန်ဆန်စေခြင်းပင် ဖြစ်သည်။
လက်တင်အမေရိကနိုင်ငံများကို မိတ်ဖက်များအဖြစ် သဘောမထားဘဲ မိမိအလိုရှိသလို ခိုင်းစေနိုင်သည့် ရုပ်ဝတ္ထု ပစ္စည်းများကဲ့သို့ ဆက်ဆံခြင်း၊ အမေရိကန်နှင့် တရုတ်ကြား တစ်ဘက်ဘက်ကို မဖြစ်မနေ ရွေးချယ်ရန် တောင်းဆို ခြင်းနှင့် စစ်ရေးအရ အရေးယူမှုကို ပထမဦးစားပေးအဖြစ် ခြိမ်းခြောက်ခြင်းတို့သည် ဒေသတွင်း နိုင်ငံများကို အမေရိကန်နှင့် ဝေးရာသို့သာ တွန်းပို့ရာ ရောက်စေမည်ဖြစ်သည်။
လက်တင်အမေရိက နိုင်ငံများအတွက် အမှန်တကယ် လိုအပ်နေသည်မှာ ၂၁ ရာစု တံဆိပ်ကပ်ထားသည့် ၁၉ ရာစု မှ နယ်ချဲ့ဝါဒမျိုး မဟုတ်ပေ။
အမှန်တကယ် လိုအပ်နေသည်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးရေး အကူအညီများနှင့် အချုပ်အခြာ အာဏာအပေါ် လေးစားမှုတို့ကို အခြေခံသည့် လက်တွေ့ကျသော မဟာမိတ် ဆက်ဆံရေးသာ ဖြစ်သည်။
ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် အရင်းအမြစ်များ၊ စိတ်ရှည်သည်းခံမှုနှင့် သံတမန်ရေးရာ ကျွမ်းကျင်မှုများ လိုအပ်သည်။
မွန်ရိုးဝါဒဆိုသည်မှာ မဟာဗျူဟာမြောက် ထိရောက်မှုထက် အမေရိကန်ဒဏ္ဍာရီ (American Mythology) တစ်ခု အဖြစ်သာ အမြဲတမ်း တည်ရှိခဲ့ခြင်း ဖြစ်သည်။
ယခု ဒွန်ရိုးဝါဒကမူ သမိုင်းကို ပြန်လည် လွမ်းဆွတ်တမ်းတမှုတွင် သမ္မတ၏ မာနကိုပါ ထပ်မံဖြည့်စွက် လိုက်သည့် အခါ ကောင်းမွန်သော သမိုင်းမှတ်တမ်းလည်း မရရှိနိုင်သလို၊ ကောင်းမွန်သော မဟာဗျူဟာလည်း ဖြစ်မလာနိုင် သည့် အလားအလာ ရှိနေသည်။
ရလဒ်အနေဖြင့် အင်အားကို လိုအပ်သည်ထက် ပိုမိုဖြန့်ကျက်ခြင်း၊ ပြင်းထန်သော တုန့်ပြန်မှုများ ရင်ဆိုင်ရခြင်းနှင့် မိမိတို့ ပြန်လည်မြှင့်တင်မည်ဟု ကြွေးကြော်ထားသည့် သြဇာအာဏာများသာ တဖြည်းဖြည်း ယုတ်လျော့လာ လိမ့်မည် ဖြစ်ပေသည်။
Source: Asia Times
