CNI International Article
၂၀၂၄ ခုနှစ်၊ မေလ ၁၉
သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံ၏ တင်းတိမ်ရောင့်ရဲမှု မရှိသော အာသီသအောက်မှ သားကောင်ဘဝသို့ ကျရောက်နေခဲ့သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားနေမှုနှင့်အတူ တရုတ်သည် ထိုအခြေအနေကို အသုံးချပြီး စီးပွားရေး လွှမ်းမိုးမှုကို ခိုင်မာစေရန် လုပ်ဆောင်ခဲ့၍ မြန်မာနိုင်ငံ၏ တန်ဖိုးကြီးသည့် သယံဇာတများကို ကဲ့ယူနေသည်။
တရုတ်သည် မြန်မာနိုင်ငံ၏ ကျောက်စိမ်း၊ ရေအားလျှပ်စစ်နှင့် အခြား သဘာဝသယံဇာတများကို မရပ်မနား အမြတ်ထုတ်နေသည်။
ထိုကဲ့သို့ သယံဇာတများကို ထုတ်ယူနေခြင်း၏ အဓိက ရည်ရွယ်ချက်တစ်ခုမှာ တရုတ်၏ ကိုယ်ကျိုးစီးပွား တစ်ခုတည်း အတွက်သာဖြစ်ပြီး မျှတမှုမရှိသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့သည်။
မြန်မာနိုင်ငံ၏ တိုင်းရင်းသားအုပ်စုများနှင့် လူများစုဖြစ်သည့် ဗမာတိုင်းရင်းသားများသည် တရုတ်ကုမ္ပဏီများ၏ အမြတ်ထုတ်ခြင်းအား ခံခဲ့ရပြီး ထိုကုမ္ပဏီများသည် မြန်မာနိုင်ငံမြောက်ပိုင်းကို တရုတ်၏ နယ်နိမိတ်တစ်ခုသဖွယ် အသုံးချလျက်ရှိသည်။
ဝမ်ပေါင် သတ္တုတွင်းကုမ္ပဏီနှင့် Yang Tse Copper အပါအဝင် တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် တပ်မတော်နှင့် လက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားမှ လက်ပံတောင်းတောင် စီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် ဒေသခံ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို လာဘ်ထိုးခြင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးရှိ လက်ပံတောင်းဒေသခံများကို ဖိအားပေးခြင်းတို့ ပြုလုပ်နေသည်။
PDF နဲ့ KIA လက်နက်ကိုင်များကိုတွေ့ရစဉ်
တရုတ်ကုမ္ပဏီများသည် ဒေသခံလက်နက်ကိုင်အဖွဲ့(PDF) များကို တစ်ဖွဲ့လျှင် မြန်မာကျပ်ငွေ ၅၀ ကုဋေ (ကျပ်သိန်းပေါင်း) စီပေးပြီး လက်ပံတောင်း စီမံကိန်းနှင့် ထိုဒေသများရှိ စက်ယန္တရားများကို ကာကွယ်ပေးရန် လုပ်ဆောင်ခဲ့သည်ဟု ပြည်တွင်းနိုင်ငံရေးအကဲခတ်များနှင့် လက်နက်ကိုင် သတင်းရင်းမြစ်များဆီကနေ ကြား သိခဲ့ရသည်။
တရုတ်ကုမ္ပဏီများသည် ပရောဂျက် နေရာများကို ကာကွယ်ပေးရန် တခြားသော အင်အားစုများကိုလည်း လာဘ်ထိုးခဲ့ကြောင်း သိရသည်။
တရုတ်စီးပွားရေး လုပ်ငန်းရှင်များသည် စစ်ကိုင်းတိုင်းဒေသကြီး တောင်ဘက် ယင်းမာပင်၊ ဆားလင်းကြီးနှင့် ကနီမြို့နယ်များတွင်လည်း သတ္တုတွင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အာရုံစိုက်လျက်သည်။
တရုတ်၏ လောဘသည် ကြေးနီနှင့် ကျောက်စိမ်းများထက် ပိုမိုကျော်လွန်နေသည်။
တရုတ်သည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျွန်းတစ်ကျွန်းပေါ်(အန်ဂူမော်ကျွန်း)တွင် မြေရှားသတ္တုများ တူးဖောင်ရေးနှင့် ထိုသတ္တုအမျိုးအစားများ ရှိ/မရှိ လေ့လာမှုများကို ပြုလုပ်ရန်ပင် စီစဉ်နေသည်ဟု ရခိုင်သတင်း ရင်းမြစ်များက ဆိုသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် (KPSEZ) စီမံကိန်းများမှ ကျွမ်းကျင်သူများ (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများ)သည် ထိုရည်ရွယ်ချက်ဖြင့် စေလွှတ်ထားသူများဖြစ်နိုင်ပြီး မြန်မာ့သဘာဝ သယံဇတများအပေါ် တရုတ်၏ ချုပ်ကိုင်မှု ပိုမိုမြင့်တက်လာခဲ့သည်။
မြန်မာနိုင်ငံမြေပုံကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများကို အမြတ်ထုတ်မှုကြောင့် နှစ်ပေါင်းများစွာကြာ ကုန်သွယ်ရေး ဟန်ချက် မညီမျှမှု ဖြစ်ပွားခဲ့ပြီး တရုတ်ဘက်က အသာစီးရရှိသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
၂၀၁၈ ခုနှစ်ကတည်းက ကုန်သွယ်ရေးကွာဟမှုသည် တရုတ်ဘက်ကို အသာစီးရရှိစေခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်၏ ချုပ်နှောင်မှုများကြားကနေ ရုန်းကန်နေရသည့် အနေအထားကို ရောက်ရှိနေခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်တည်းမှာပင် ကုန်သွယ်ရေး လိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၁၆၉၆ ဒသမ ၄၅၅ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့များ၊ ရာဘာ၊ စိုက်ပျိုးရေး ထုတ်ကုန်များကို တင်ပို့ရောင်းချ ပြီး ဓာတ်မြေဩဇာများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် ဓာတုပစ္စည်းများကို တရုတ်မှ တင်သွင်းဝယ်ယူခဲ့သည်။
ထိုအချက်အလက်များသည် ကျောက်စိမ်း၊ ရွှေနှင့် မြေရှားသတ္တုများ အပါအဝင် မြန်မာနိုင်ငံမှ တရုတ်သို့ တရားမဝင် တင်ပို့ရောင်းချသည့် ပို့ကုန်များကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တု စုစုပေါင်း၏ ၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ အလွန်တန်ဖိုးကြီးသည့် ထိုသတ္တုကို နယ်စပ်မှဖြတ်ကျော်ပြီး မှောင်ခိုတင်ပို့နေမှုသည် တရုတ်၏ စီးပွားရေးကို ကြီးမားစွာ အထောက်အကူ ပြုပေးနေခြင်း ဖြစ်သည်။
မြန်မာပြည်မှာ တရုတ်က မြေရှားသတ္တုတူးနေစဉ်
ထိုကဲ့သို့ ကုန်သွယ်ရေး မညီမျှမှုကို ဖြေရှင်းရန် ကြိုးပမ်းသည့် အနေဖြင့် မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်က တရုတ်နှင့် ကုန်သွယ်ရေး အဆင်ပြေချော့မွေးမှုကို မြှင့်တင်ရေးအတွက် လုပ်ငန်းအဖွဲ့ထူထောင်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် သက်တမ်းတိုးခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုလုပ်ငန်းအဖွဲ့ အစည်းအဝေးအတွက် မြန်မာနိုင်ငံ၏ တောင်းဆိုချက်များကို ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်က တရုတ်သံရုံးသို့ တရားဝင် စာပေးပို့ခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။
တရုတ်စျေးကွက်များကို ဝင်ရောက်နိုင်ရန် မြန်မာသည် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ လားရှိုး-လျန်ချန်း နယ်စပ် ကုန်သွယ်ရေးပွဲ၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ တရုတ်ကူမင်း ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲကဲ့သို့ တရုတ်က ကျင်းပသည့် ကုန်သွယ်ရေး ကုန်စည်ပြပွဲများ အပြင် နှီးနှောဖလှယ်ပွဲများနှင့် ပွဲလမ်းသဘင်များကို ပါဝင်ခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုအားထုတ် ကြိုးပမ်းထုတ်မှုများသည် ကုန်သွယ်ရေးမညီမျှမှုကို ဟန်ချက်ပြန်လည်ထိန်းညှိရန် အနည်းငယ်သာ အထောက်အကူ ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ NLD အပါအဝင် မြန်မာနိုင်င်ငံ၏ အဓိကကျသည့် နေရာတွင် ပါဝင်နေသည့် အဖွဲ့အစည်း အားလုံးအပေါ် သက်ရောက်မှုရှိခဲ့သည်။
တစ်ချိန်က သဘာဝသယံဇာတများဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နိုင်ခဲ့သည့် မြန်မာနိုင်ငံသည် လက်ရှိတွင် ကုန်သွယ်ရေးမဟာဗျူဟာပိုင်း အားနည်းနေပြီး တရုတ်၏ ကုန်သွယ်ရေး အစီအစဉ်များကို တန်ပြန်နိုင်စွမ်းမရှိဘဲ သယံဇာတများကိုလည်း လက်လွတ်ဆုံးရှုံးနေရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရှီကျင့်ဖျင်နဲ့ လက်နက်ကိုင်များကို တွေ့ရစဉ်
တရုတ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် ချုပ်ကိုင်မှု တင်းကျပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ အနာဂတ် သည်လည်း ကြိုးတန်းပေါ် လမ်းလျှောက် နေရသကဲ့သို့ ဖြစ်နေသည်။
တရုတ်၏ အမြတ်ထုတ်သည့် အစီအစဉ်များ၊ လုပ်ဆောင်ချက်များကို ဟန့်တားရန် တိကျသည့် လုပ်ဆောင်ချက် မရှိပါက မြန်မာနိုင်ငံသည် အင်အားကြီးမားသည့် အိမ်နီးချင်း တရုတ်၏ အမြတ်ထုတ်ခံ သက်သက်ဖြစ်လာမည့် အန္တရာယ်သည် ပိုမိုမြင့်တက်လာသည်။
နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း ယခုကဲ့သို့ စိုးရိမ်ဖွယ် အခြေအနေကို အလေးထားရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောကြားရမည် ဖြစ်သည်။
တရုတ်အပေါ် ပိတ်ဆို့မှုများနှင့် သံတမန်ရေး ဖိအားများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နယ်မြေတည်တံ့ ခိုင်မြဲရေးကို လေးစားရန်နှင့် တရားမျှတမှုရှိသည့် ကုန်သွယ်ရေးမျိုးဖြစ်စေရန် တရုတ်ကို အပြင်းအထန် ဖိအားပေး ရမည် ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အခြေအနေသည် လမ်းစုံလမ်းခွသို့ ရောက်နေပြီး မိမိ၏ သယံဇာတများကို လက်လွတ် ဆုံးရှုံးခံရမည့်လမ်းနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကိုယ့်ရပိုင်ခွင့်ကို ပြန်လည်ရယူရန် သတ္တိ မွေးရမည့်လမ်း နှစ်ခုအနက် တစ်ခုကို ရွေးချယ်ရမည်ဖြစ်ပေသည်။