CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ဗုဒ္ဓဂါယာဘုရားဖူးရာသီသည် အောက်တိုဘာလမှ စတင်ကာ မတ်လကုန် ဧပြီလအထိသာ ဖြစ်သည့်အတွက် ဗုဒ္ဓဂါယာဘုရားဖူးများအား နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို မတ်လကုန်တွင် ပြန်ရပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်အလွန်ကာလ ဗုဒ္ဓဂါယာဘုရားဖူး ခရီးစဉ်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ပြန်လည် စတင် ခဲ့ကာ ဗုဒ္ဓဂါယာဘုရားဖူးများအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ပြည်ထဲရေးသို့ သာသနာရေး ဝန်ကြီး ဌာနမှ တင်ပြထောက်ခံမှုဖြင့် လုပ်ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

၎င်းက “ဒီဗုဒ္ဓဂါယာဘုရားဖူးရာသီ မတိုင်ခင်ကတည်းကပေါ့။ ဘုရားဖူးရာသီ မတိုင်ခင် ရှစ်လပိုင်း ကိုးလပိုင်း လောက် ကတည်းက သာသနာရေးဝန်ကြီးဌာနနဲ့ ဗုဒ္ဓဂါယာဘုရားဖူး စေလွှတ်ရေး ကော်မတီ ရှိပါတယ်။ သာသနာ ရေးဝန်ကြီးဌာန ကနေပြီးတော့ ဖွဲ့စည်းထားတဲ့ ဘုရားဖူးစေလွှတ်ရေးကော်မတီပေါ့နော်။ အဲဒီ ကော်မတီ ကနေ တဆင့်ပေါ့၊ ဒါတွေအကုန်လုံးကို စီစဉ်ထားတယ်။ စီစဉ်ထားပြီးတော့ အဲဒီကနေ ကုမ္ပဏီတွေကို စာရင်း သွင်းထား တယ်။ ဒီကုမ္ပဏီတွေကနေ တဆင့်ပေါ့နော်။ ဒီပတ်စပို့ လျှောက်ထားရင် သာသနာရေးဝန်ကြီးဌာန ကနေပြီးတော့ ထောက်ခံချက် ပေးနေတယ်။ ဒီဘုရားဖူးသွားတဲ့ သူတွေကြတော့ သူ့ရာသီလေးတစ်ခုပဲ သွားတာ ဖြစ်တဲ့အတွက် ပုံမှန်အတိုင်းဆိုရင် နောက်တစ်လလောက်ဆိုရင် ပတ်စပို့ ဘုရားဖူးအတွက် ပတ်စပို့လုပ်တာတွေက ပြန်ရပ် သွား ပြီပေါ့နော်။ သုံးလပိုင်း လေးလပိုင်းဆို ပြန်ပြီးသွားပြီ။ ရာသီလေးအတွင်းမှာပဲ ဘုရားဖူးဖို့အတွက် လာလျှောက် ထားကြတာဖြစ်တဲ့အတွက် နိုင်ငံတော်ကလည်း လုပ်ပေးနေတာလို့ ကျနော်တို့အနေနဲ့ ယူဆပါတယ်” ဟု ပြော သည်။

ပတ်စပို့ရုံးကိုတွေ့ရစဉ် 

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ရက် အကန့်အသတ်မရှိ ရပ်ဆိုင်းထားသည့်အတွက် နိုင်ငံကူးလက်မှတ် လုပ်ချင်သူများ အနေဖြင့် ဗုဒ္ဓဂါယာ ဘုရားဖူး ရက်တိုခရီးစဉ်ဖြစ်သည့် ၂ ညအိပ် ၃ ရက်ခရီးကို ဝယ်ယူလာကြကြောင်းလည်း သိရသည်။

သို့သော် ဗုဒ္ဓဂါယာခရီးစဉ် ဝယ်ထားသည့်အတွက် နိုင်ငံကူးလက်မှတ် ရရှိခဲ့ပါက ထိုခရီးစဉ်အား မလိုက်ပါဘဲ ကျန်ခဲ့၍ မရကြောင်း၊ ထိုခရီးစဉ်အား မဖြစ်မနေ လိုက်ပါရမည်ဖြစ်ကြောင်း ဗုဒ္ဓဂါယာခရီးသွား လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ပတ်စပို့လိုချင်တဲ့ လူကကြတော့ ရက်ရှည် မလိုက်နိုင်ဘူးလေ။ ရက်ရှည်က ဈေးများတယ်။ သာသနာရေး က ညီမတို့ကို ပြောပြီးသား။ ပြီးတော့ ညီမတို့က ထွက်သွားတဲ့လူရဲ့ စာရင်းတွေကို လေဆိပ်ကျရင် လ.ဝ.က ကို ချက်ချင်း စာရင်းပို့ပေးရတယ်။ လေဆိပ်ကို လ.ဝ.က ကို စာရင်းပို့ပြီးတဲ့ အပြင်ကို ဂါယာရောက်သွားရင် ဂါယာ အဝင် တုံးတွေကို ထုပြီးတော့ ခရီးစဉ်က ပြန်မလာသေးဘူးဆိုရင် viber နဲ့ ပြန်ပို့ပြီးတော့ Print ထုတ်ပြီး သာသာနာရေး ဦးစီးဌာနကို ပတ်စပို့ လူရုပ်ပါတဲ့ စာမျက်နှာကနေ နံပါတ်ပါတဲ့ဟာနဲ့ တွဲပြီးပို့ပေးရတယ်။ ပတ်စပို့ လုပ်စားလို့မရအောင် ကုမ္ပဏီတွေလည်း အကုန်ချုပ်ထားတယ်ရှင့်။ ညီမတို့လည်း အကုန် အာမခံတွေ ထုပေး ထားရတာ။ ဒါမျိုးတွေပဲ လုပ်စားမယ်ဆိုရင်လည်း Black list တခါတည်းပေးလိုက်မယ် ဆိုပြီးတော့လေ။ ညီမတို့ ကလည်း တကယ်ထွက်မယ့် သူကိုပဲ လုပ်ပေးတာ” ဟု ပြောသည်။

ရန်ကုန်လေဆိပ်ကိုတွေ့ရစဉ်

ဗုဒ္ဓဂါယာဘုရားဖူး ခရီးစဉ်အား တစ်ပတ်တာ ရက်ရှည်ခရီးစဉ်အဖြစ် သွားမည်ဆိုပါက ကုန်ကျစရိတ်မှာ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁၀၀၀ ခန့်(မြန်မာငွေ သိန်းသုံးဆယ်ဝန်းကျင်) ရှိကြောင်း၊ ၂ ညအိပ် ၃ ရက် ခရီးစဉ် အဖြစ် သွားမည်ဆိုပါက အမေရိကန်ဒေါ်လာ ၄၀၀ မှ ၅၀၀ ဝန်းကျင်(မြန်မာငွေ ၁၅ သိန်းခန့်) ရှိကြောင်း မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိတွင် ဗုဒ္ဓဂါယာခရီးစဉ်အား လေကြောင်းလိုင်း နှစ်ခုမှ တစ်ပတ်လျှင် ငါး ကြိမ်ပြေးဆွဲနေပြီး တစ်ကြိမ်လျှင် ခရီးသည် ၁၀၀ ကျော် ပါဝင်သည့်အတွက် တစ်ပတ်လျှင် ဗုဒ္ဓဂါယာဘုရားဖူးခရီးသွား ၅၀၀ မှ ၆၀၀ ခန့်အထိ ရှိ ကြောင်းလည်း သိရသည်။

ကိုဗစ်မတိုင်ခင်ကာလက ဗုဒ္ဓဂါယာဘုရားဖူးမှာ တစ်နှစ်လျှင် လူဦးရေ သုံးသောင်းကျော် ရှိကြောင်းနှင့် ယခုနှစ် တွင် တစ်သောင်းခွဲသာ ရှိနိုင်ကြောင်းလည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ခန့်မှန်းထားသည်။