၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၀

“MasterChef Legends 2021”၏ Audition အဆင့်ပြိုင်ပွဲတွင် မြန်မာ အုန်းနို့ခေါက်ဆွဲအား ပုစွန်ဖြင့် ချက်ပြုတ် ပြင်ဆင်ခဲ့သည့် မြန်မာအမျိုးသမီး “စု”သည် လက်ရှိ၌ Top 3 သို့ ရောက်ရှိ၍ ဖိုင်နယ်အဆင့်သို့ တက်ရောက် သွားပြီ ဖြစ်သည်။

မြန်မာအမျိုးသမီး “စု”သည် Season 11 အပိုင်း ၁၅ တွင် Culinary Triathlon ၏ အပိုင်း သုံးခုအတွက် ဟင်းလျာ သုံးမျိုးအား ချက်ပြုတ်ခဲ့ရပြီး MasterChef အစီအစဉ်၏ ပဲ့ကိုင်ရှင်လည်းဖြစ်သည့် ဂေါ်ဒွန်ရမ်ဆီ (Gordon Ramsay) အပါအဝင် နာမည်ကြီး စားဖိုမှူးသုံးယောက်၏ အဆုံးအဖြတ်ကို ခံယူပြီးနောက် ဖိုင်နယ် အဆင့်ကို တက်လှမ်းခွင့် ရရှိသွားခြင်းဖြစ်သည်။

“စု” က “မြန်မာစားစရာတွေဟာလည်း MasterChef နေရာကို အနိုင်ရဖို့ ထိုက်တန်တယ်လို့ ယုံကြည်တယ်။ ကျမ ဒီလိုရဖို့အတွက် အခု လာတာပါပဲ” ဟု ပြောခဲ့ဖူးသည်။

Audition တွင်ပြိုင်စဉ် အကဲဖြတ်ဒိုင်တဦးဖြစ်သည့် Joe Bastianich က “စု”၏ ချက်ပြုတ်ပြင်ဆင်နေပုံကို စိတ်ဝင်တစားဖြင့် ကြည့်ကာ “အမေရိကန်တွေကို မြန်မာ အစားအစာအကြောင်း ဘာပြောပြချင်လဲ” ဟု မေးခဲ့သည်။

ထိုအခါတွင် “စု”က “ကျမတို့ရဲ့ ဟင်းလျာတွေက အိန္ဒိယ၊ တရုတ်၊ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ လွှမ်းမိုးမှု များပါတယ်။ အခု ကျမက ဒီည ရှင်တို့ကို ပြသမယ့် အရသာ အကုန်လုံးကို အခု ထည့်နေတာပါ” ဟု ဖြေကြား ခဲ့သည်။

ယခု MasterChef US ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသူများစွာထဲမှ ပြိုင်ပွဲဝင် ၁၅ ဦးသာ ရွေးချယ်ခြင်းဖြစ်ပြီး “စု”သည် ထို ပြိုင်ပွဲဝင် ၁၅ ဦးတွင် ရွေးချယ်ခြင်း ခံရသူဖြစ်သည်။

“MasterChef Legends 2021” သည် ယခင်ပြိုင်ပွဲများနှင့်မတူဘဲ ပုံမှန်ဒိုင်များနှင့်အတူ ကမ္ဘာကျော် ဂန္တဝင်စားဖိုမှူး ကြီးများက အပတ်တိုင်း အလှည့်ကျ ပါဝင်ကာ အကဲဖြတ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ခက်ခဲလှသည့် ပြိုင်ပွဲတွင် Top 3 ဝင်နိုင်ခဲ့သည်မှာ ဂုဏ်ယူစရာပင်ဖြစ်သည်။

စု(Suu) သည် မြန်မာပြည်ဖွား အမျိုးသမီးတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တွင် ကြီးပြင်းခဲ့သူတစ်ဦးဖြစ်ကာ လက်ရှိတွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာနေထိုင်လျက်ရှိသည်။ အသက် ၃၀ နှစ်အရွယ် Food Blogger တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

“စု”၏ ဟင်းချက်ပညာ အများစုသည် မိဘနှင့်အဘွားအား မီးဖိုချောင်တွင် ကူညီလုပ်ကိုင်ပေးရင်း သင်ယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

စု(Suu)က “ကျမက မြန်မာမှာ မွေးပြီး ကြီးပြင်းခဲ့တာပါ။ ကျမ ဟင်းစချက်တယ်ဆိုတာ ကျမ အမေနဲ့ အဘွားကို ကူညီရင်းနဲ့ပါပဲ။ ကြက်သွန်တွေ ခွာပေးတယ်။ အာလူး နွှာတယ်။ ကြက်သွန်ဖြူ ခွာတယ်။ ဒီတော့ ဒါက ကျမ အတွက်တော့ ရွေးချယ်မှုထက် အိမ်အလုပ်လို ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အသက် ၂၂ နှစ်ရောက်တော့ ကျမ အမေရိကန်က တက္ကသိုလ်တစ်ခုမှာ တက်ခွင့်ရခဲ့တယ်။ ဒီတော့မှ ကျမလည်း အများကြီး ချက်ပြုတ်ဖြစ်တော့ တယ်။ အိမ်လွမ်းတာကို ဖြေဖျောက်ဖို့ပါပဲ။ အဲဒီမှာပဲ ကျမ ကိုယ်အတွင်းထဲထိ စားစရာတွေ ချက်ပြုတ်ချင်စိတ်က ဝင်နေတာကို သိလိုက်တာပါပဲ” ဟု ပြောခဲ့ဖူးသည်။