CNI International News

အက်ဇ်မာရင်၊ ဖေဖော်ဝါရီ ၇

တူရကီနှင့်ဆီးရီးယားတို့တွင် တနင်္လာနေ့ မနက်အစောပိုင်းက အင်အား ၇ ဒသမ ၈ မဂ္ဂနီကျူ့ ပြင်းအားရှိ ငလျင် လှုပ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အဆောက်အဦ ရာချီပြိုကျခဲ့ပြီး လူ ၂၃၀၀ ကျော် သေဆုံးခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

လူရာချီ အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဟု ယူဆရပြီး ငလျင်ဧရိယာတစ်လျှောက် မြို့များ၊ ရွာများတွင် ရှာဖွေ ကယ်ဆယ်မှုများ လုပ်ဆောင်နေခြင်းကြောင့် သေဆုံးသူ အရေအတွက်မှာ ထပ်မံမြင့်တက် လာဦးမည်ဟု ယူဆရသည်။

မနက် အစောပိုင်း ငလျင်တွင် အဆောက်အဦများ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရပြီး ပထမငလျင်ကဲ့သို့ အင်အားပြင်း သော နောက်ဆက်တွဲ ငလျင်များ သို့မဟုတ် ငလျင်အသစ်များသည် နှစ်နိုင်ငံ နယ်စပ် ဧရိယာတစ်လျှောက် ထပ်ခါထပ်ခါ ပေါ်ပေါက်ခဲ့သည်။

ငလျင်ကြောင့် သေဆုံးသွားသော ရုပ်အလောင်းများနဲ့ ငိုကြွေးနေသူ ၂ ဦးကိုတွေ့ရစဉ်(AFP)

သံချောင်းများ၊ ကွန်ကရစ်များနှင့် ရှုပ်ထွေးနေသော အပျက်အစီးများကြားတွင် ကယ်ဆယ်ရေး လုပ်သားများသည် အသက်ရှင် ကျန်ရစ်နေသူများကို ရှာဖွေလျက်ရှိသည်။ ငလျင်ကြောင့် တူရကီရှိ ဆေးရုံတစ်ခု ပြိုကျခဲ့ပြီး ဆီးရီးယားမှ ဆေးရုံပြိုကျမှုများတွင်လည်း မွေးကင်းစ ကလေးများ အပါအဝင် လူနာများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

တနင်္လာနေ့ ငလျင်သည် တူရကီ အရှေ့တောင်ပိုင်း ခါရာမန်မာရက်စ် (Kakramanmaras) ပြည်နယ်သို့ ဗဟိုပြု လှုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် အီဂျစ်မြို့တော် ကိုင်ရိုအထိ သက်ရောက်မှု ရှိခဲ့သည်။

ငလျင်ကြောင့် ဆီးရီးယားမြို့တော် ဒမတ်စကပ်ရှိ ဒေသခံများ လမ်းပေါ် ပြေးထွက်ခဲ့ရသလို လက်ဘနွန်မြို့တော် ဘေရွတ်မှ ဒေသခံများလည်း ထိတ်လန့်ဖွယ် ရမ်းခါမှုများကြောင့် လန့်နိုးခဲ့ရသည်။

ငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် နှစ်နိုင်ငံ စလုံးရှိ ဒေသများမှာ ဆီးရီးယားစစ်ပွဲနှင့် များစွာ ဆက်နွယ်နေသည်။

ဆီးရီးယားဘက်ခြမ်း ငလျင်ဒဏ်သည့် ဒေသတွင် အစိုးရနှင့် အတိုက်အခံ တပ်ဖွဲ့ထိန်းချုပ်ရာ နေရာများ ရှိနေပြီး တူရကီဘက်ခြမ်း ငလျင်ဒဏ်သင့် ဒေသများသည် ဆီးရီးယားဒုက္ခသည် သန်းချီကို လက်ခံထားရာ နေရာများ ဖြစ် သည်။

ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦတွေကြားက ကယ်ဆယ်ရေးလုပ်နေစဉ်(AFP)

ဆီးရီးယား အတိုက်အခံများ ထိန်းချုပ်ရာဒေသတွင် လူလေးသန်းခန့် နေထိုင်ကြပြီး အများစုမှာ စစ်အတွင်း ဗုံးနှင့် ဒုံးကျည် ထိမှန်မှုများကြောင့် ယိုင်နဲ့နေသော အဆောက်အဦများတွင် နေထိုင်နေကြရသည်။

အပျက်အစီးများကြားတွင် မိသားစုပေါင်းများစွာ ပိတ်မိနေဆဲ ဖြစ်သည်ဟုလည်း အတိုက်အခံဘက်မှ ကြေညာ ချက် တစ်စောင် ထုတ်ပြန်သည်။ ဆေးရုံများအားလုံးတွင် လူနာများဖြင့် ပြည့်သွားခဲ့သောကြောင့် စိတ်ကျန်းမာရေး ဆေးရုံများကိုပင် အသင့် ပြင်ဆင်ထားရသည်ဟုလည်း သိရသည်။

ငလျင်ဒဏ်သင့် ဒေသသည် ကြီးမားသည့် ပြတ်ရွေ့ကြောကြီး တစ်ခု၏ ထိပ်တွင် တည်ရှိကာ မကြာခဏဆိုသလို ငလျင်လှုပ်လေ့ရှိသည်။ ၁၉၉၉ တူရကီ အနောက်မြောက်ပိုင်း အင်အားပြင်း ငလျင်တွင်လည်း လူပေါင်း ၁၈၀၀၀ ကျော် သေဆုံးခဲ့ရသည်။

Source: AP