CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

ဆောင်းရာသီ ရောက်ရှိလာပြီ ဖြစ်သော်လည်း မွန်ပြည်နယ်အတွင်းရှိ ဒေသတချို့တွင် နယ်မြေတည်ငြိမ်မှု မရှိခြင်း နှင့် စစ်ဆေးမှုများ တင်းကြပ်လျက်ရှိနေခြင်းကြောင့် ဆောင်းခိုငှက်ကြည့်ရှုရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းနှင့် ငှက်ကြည့်သူများထံမှ သိရသည်။

ထို့နောက် ငှက်များကို မှတ်တမ်းတင်ရာတွင် လက်ရှိ၌ ကုန်ကျစရိတ် ကြီးမြင့်နေခြင်းနှင့် စစ်ဆေးမှုများကြောင့် တချို့သော ဒေသများမှာ မှတ်တမ်းတင်နိုင်ခြင်း မရှိကြောင်း မွန်ပြည်နယ်၊ အလျှပ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ကိုသောင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အစ်ကိုတို့လည်း တခြားမသွားရဲဘူး။ ပေါင်တို့၊ တည်ကင်းတို့ မသွားရဲဘူး။ ကိုယ့်ရွာလောက် ကသည်း၊ ထန်းပင်ချောင်၊ ထန်းပင်ချောင်တောင်မှ သိပ်ပြီးတော့ ဆိုင်ကယ်နဲ့ သွားရမယ်ဆိုရင် အခု ဈေးကလည်း တော် တော် ကြီးတယ် ဆိုင်ကယ်။ ဆိုင်ကယ် အသွားအပြန် လူတစ်ကိုယ်ကို ၈၀၀၀ တောင်ယူတယ်။ ၈၀၀၀ တန် ခရီး ဆိုတော့ အစ်ကိုတို့ကလည်း စရိတ်က မရထားဘူး၊ မရှိဘူးလေ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်ထားရမယ်ဆိုတော့ အဖွဲ့သားတွေကလည်း မသွားချင်ဘူးလေ။

မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ကိုတွေ့ရစဉ် (MSDF)

အစ်ကိုတို့က ကင်းသွားလှည့်ရင် မှန်ဘီလူးတို့ ယူသွားရတယ်မလား။ သူတို့က မသင်္ကာမှုနဲ့ သိမ်းလိုက်ရင် အကုန်လုံး ရှုံးဆုံးခံရမှာ အစ်ကိုတို့က။ အခုက စစ်ဆေးရေးကလည်း မေးမြန်း တယ်။ ဆိုင်ကယ်လေး ၂ ယောက် စီးသွားတာနဲ့ တားလိုက်တယ်။ တားပြီး သူတို့ အဲဒီလိုမျိုး စစ်တာ” ဟု ပြော သည်။

ထို့အပြင် ရန်ကုန် အပါအဝင် တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ လာရောက်ကြည့်ရှု လေ့လာကြမည့် ငှက်ကြည့် အဖွဲ့အစည်းများ၊ ငှက်ကြည့် ဝါသနာရှင်များက မွန်ပြည်နယ်သို့ ဆောင်းခိုငှက်များကို လာရောက် ကြည့်ရှုကြရန် ရှိသော်လည်း နယ်မြေ အခြေအနေကြောင့် ၎င်းတို့ကို တားထားရသည်ဟု အလျှပ်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းထံမှ သိရသည်။

ယခုနှစ် ဆောင်းရာသီ အစတွင် မွန်ပြည်နယ်သို့ ဆောင်းခိုငှက် ဝင်ရောက်မှု နည်းပါးနေသေးကြောင်း၊ နယ်မြေ အခြေအနေများကြောင့် တောင်ပေါ်ဒေသသို့ မသွားရောက်နိုင်ဘဲ ကမ်းခြေဒေသတွင်သာ ငှက်များကို ကြည့်ရှုနိုင် ကြောင်း မွန်ပြည်နယ်မှ ငှက်ကြည့်သူ ဦးအောင်ကျော်က ပြောသည်။

၎င်းက “ကမ်းခြေလောက်ပဲ ကြည့်နိုင်သေးတယ်။ ကသည်း၊ မာလာချောင်၊ ရွှေသာလျောင်း ဒီခင်တန်းပေါ့။ ဒီကမ်း တစ်လျှောက်တော့ ကြည့်လို့ရတာပေါ့။ ဟိုအပေါ်ကို ဆိုင်ကယ်နဲ့ သွားရမှာတို့ ဘာတို့နဲ့ကျတော့ အခက်အခဲ နည်း နည်း ကြုံတာပေါ့။ ကြည့်တော့ ကြည့်နေတာပဲ။ ဆောင်းခိုငှက်တွေက ခါတိုင်းနှစ်ထက် တော်တော်နည်းနေတယ်။ အခုက နုန်းတွေ မတက်သေးဘူးမလား။ နွံနုန်းတွေ မတက်သေးတော့ ငှက်တွေက နည်းနေသေးတယ်။ ၂၀၀၀ ကျော်လောက်ပဲ ရှိသေးတယ်ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မန္တလေးတိုင်း ဒေသကြီး စဉ့်ကိုင်မြို့နယ် အတွင်းရှိ ပလိပ်အင်း ရေတိမ်ဒေသသို့ လာရောက်သော ဆောင်းခိုငှက်များ (Sola Mdy)

ဆောင်းခိုငှက်များသည် ယခု နိုဝင်ဘာလတွင် စတင် ဝင်ရောက်လျှက်ရှိနေပြီး လာမည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် အမြောက်အများ ဝင်ရောက်လေ့ရှိသည်။

ထို့နောက် မြန်မာနိုင်ငံတွင် မဆင်မခြင် ဖမ်းဆီး သတ်ဖြတ်ခြင်းများကြောင့် အနီရောင် စာရင်းဝင် ဆောင်းခိုငှက် များဖြစ်သည့် ရေညှောင့် နှုတ်ဝိုင်းငှက်၊ နုတ်တို-နုတ်ရှည် ငှက်၊ ကြိုးကြာငှက်တို့ အပါအဝင် တခြားငှက်မျိုးစိတ် ၅၀ ကျော်မှာ မျိုးတုံးမည့် အရေးနှင့်ကြုံတွေ့နေရပြီး အရေးတကြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း သိရသည်။