CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၈

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းတောင်ဘက်ရှိ ဇာပိုရီဇက်ဇီးယား နျူကလီးယား စက်ရုံတစ်ဝိုက်ရှိ နယ်မြေများကို သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ ယင်းစက်ရုံ အခြေအနေမှာ ဘေးကင်းစိတ်ချရပြီး ဓာတ်ရောင်ခြည် ဖြာထွက်မှုအဆင့်မှာ ပုံမှန်အတိုင်းပင် ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗိုလ်ချုပ်ကိုနာရှန်ကော့ဗ်က ကြေညာခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

ထို့နောက် ယူကရိန်းမြို့တော် ကိယက်ဗ်မြို့တွင် နေထိုင်သူများသည် မြို့တွင်းမှ ထွက်ခွာလိုလျှင် ဘေးကင်းသည့်လမ်း ကြောင်း အသုံးပြုနိုင်ကြောင်း ရုရှားစစ်တပ်က ပြောကြားခဲ့သည်ဟု အေပီက ဆက်လက်ရေးသား ဖော်ပြထားသည်။

ကိယက်ဗ်မြို့ အနောက်တောင်ဘက်ရှိ ဗက်ဆယ်ကိဗ်သို့ ဦးတည်သော အဝေးပြေးလမ်းမကို မြို့ခံများအနေဖြင့် ဘေးကင်း လုံခြုံစွာ သွားလာနိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗိုလ်ချုပ်အီဂေါကိုနာရှန်ကော့ဗ်က ဖေဖော်ဝါရီ ၂၈ (ယနေ့)တွင် ပြောကြားခဲ့သည်။

ယူကရိန်းပြည်သူများကိုတွေ့ရစဉ်(GETTY IMAGES)

ယူကရိန်းမြို့တော်အနှံ့ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ယခုကဲ့သို့ ရုရှားဘက်က ကြေညာခဲ့ခြင်းဖြစ်သည်။ ကိယက်ဗ်နေရာ အတော်များများတွင် ရုရှားတပ်ဖွဲ့များကို မိမိတို့ ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များ ပြောကြားခဲ့သည်။

ယူကရိန်း အမျိုးသားရေးဝါဒီများသည် မြို့ခံလူထုကို လူသားဒိုင်းအဖြစ် အသုံးချနေပြီး စစ်လက်နက်ပစ္စည်းများ ဖြန့်ကြက်ချ ထားကြောင်း ဗိုလ်ချုပ် ကိုနာရှန်ကော့ဗ်က စွပ်စွဲခဲ့ကြောင်း သိရသည်။ ၎င်း၏စွပ်စွဲချက်ကို အေပီက သီးခြားအတည်ပြုချက် မရသေးပါ။

ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့သော ရုရှားကျူးကျော်မှုအတွင်း လူနေထူထပ်သည့် နေရာများကို ပစ်မှတ်မထားကြောင်း အခိုင်အမာ ပြောကြားခဲ့သော်လည်း ယူကရိန်းနိုင်ငံတဝန်းလုံးရှိ လူနေအဆောက်အအုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ ပစ်ခတ်မှု ထိမှန်ခဲ့သည်။

Source: AP